နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အထိုင်စခန်း ၄ ခုကို မေ ၁၀ ရက်၊ နံနက် ၆ နာရီကျော်ခန့်က ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
•    ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့က Federal Wings အဖွဲ့သား များနှင့် တွေ့ဆုံဆွေးနွေးမှုကို မေ ၆ ရက်က ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
•    အာဆီယံအနေဖြင့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပ မိတ်ဖက် အဖွဲ့အစည်းများ နှင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ (EROs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က မေ ၁၀ ရက်က ပူးတွဲထုတ်ပြန် တိုက်တွန်း လိုက်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသခွဲ အမှတ် (၃)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ အပတ်စဉ် (၇) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို မေလ ၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် ကာကွယ်ရေး တပ်ဖွဲ့များ မေ ၁၁ ရက်၊ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်မီဒီယာတွင် ဖော်ပြချက်အရ သိရသည်။
•    စစ်ကိုင်တိုင်း၊ ပုလဲမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို မေ ၁၀ ရက်၊ ညပိုင်းက တော်လှန် ရေးတပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများ၊ တစ်ဖက်ပွင့် ပြောင်းတိုက်များ၊ လက်နက် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရှိ နယ်မြေရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မေ ၁၀ ရက်၊ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း M7 People’s Defense Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ၁၄ စီးပါ ယာဥ်တန်းကို အလ္လကပ္ပ  နှင့် ဝမ်းပြည့်ကျေးရွာ အကြားအရောက် မေ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ ကျော်ခန့်က ၅ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း Black Eagle Defence Force-MMU မှ တာဝန်ခံ ဗိုလ်စံရှားက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-ရေးဦး လမ်းပိုင်းတွင် မေ ၁၀ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို မေ ၁၁ ရက်၊ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောသည်။
•    မုံရွာမြို့ပေါ်တွင် မုံရွာ လူငယ်များ စည်းရုံးမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေ ၁၁ ရက်တွင် တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
•    မုံရွာ အမြင့်လမ်းဘေး ကျေးရွာတစ်ရွာတွင် မုံရွာအမြင့်လမ်း သပိတ်ကော်မတီ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပူးပေါင်းကာ လူထုသိအပ်သော လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ လက်ရှိ တော်လှန်ရေးအခြေအနေ၊ တော်လှန်ရေးအတွင်း လူထုပါဝင်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ စသည့် အကြောင်းအရာများကို ပြည်သူများအား ယနေ့ မေ ၁၁ ရက်တွင် ဟောပြောခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ နှင့် ဘိုင်းမင်းကြီးကင်းရွာကြား မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် မိုင်းရှင်းစစ်သားများကို မေ ၁၀ ရက်၊ နံနက် ၆ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ဆိတ်စခူမှော်အနီး တိုက်ပွဲအတွင်း သေဆုံးသွားသဖြင့် စွန့်ပစ် ထားခဲ့သော SNA တပ်သား အလောင်း ၆ လောင်းကို PDF တပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့ကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်နှင့် SNA တပ်ဖွဲ့ ဝင်များက နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦး နှုန်း မပေးမနေရ အတင်းအကျပ် စုဆောင်း နေကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ် ရဲစခန်းကို မေ ၉ ရက်၊ ညနေ ၃ နာရီကျော်ခန်က ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထံမှ လက်နက်ဝယ်ယူပေးမည်ဟု ဆိုကာ ရယူထားသော ထိုင်းဘတ်ငွေ ၁၇ သိန်းကို ဗိုလ်စလုံးပြန်ပေးရန် Thwaythauk Revolution Force နှင့် ရေစကြိုပြည်သူများက တောင်းဆိုလိုက်ကြသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေ ၁၁ ရက်၊ နံနက်ပိုင်းက ချီတက်သပိတ်မှောက်ကြကြောင်း သိရသည်။
•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က မုန်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၉၉ က အရာရှိ နှင့် တခြားအဆင့်တပ်သား စုစုပေါင်း ၁၁ ဦးကို မေ ၁၀ ရက်၊ ညနေ ၅ နာရီခန့်က ဒေသအခြေစိုက် PDF တပ်ဖွဲ့များက တပ်ထဲကို ဝင်ရောက်ဖမ်းဆီးပြီး ထွက်ပြေးရန် ကြိုးစားသည့် စစ်ကောင်စီ တပ်သားတစ်ဦးကို လမ်းတွင် ပစ်သတ်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်များ နှင့် ဒေသခံများက ပြောသည်။
•    ချင်ပြည်နယ်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် မေ ၁၀ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
•    မက္ကဆီကိုနိုင်ငံသည် မြန်မာခရိုနီ စစ်လက်နက်ပွဲစားတစ်ဦးဖြစ်သူ စစ်တိုင်းအောင်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့ဖြစ်သည့် Justice for Myanmar (JFM) က ထုတ်ဖော် ပြောဆိုလိုက်သည်။
•    ၂၀၂၃ ခုနှစ်သည် တော်လှန်ပြည်သူများအတွက် အရွေ့တခုဖြစ်လာမည့် နှစ်ဖြစ်သည့်အတွက် နွေဦး တော်လှန်ရေးအတွက် အသက်ပေး ဘဝပေးပြီး ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြသည့် PDF, LDF, UG များကို ဂုဏ်ပြုကြိုဆိုကြရန် ရှေ့ပြေးနမိတ်ဖြစ်သည့် " ပြည်တော်ဝင်"  Art Challenge ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
•    ကရင်နီပြည်တွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံရန် တစ်လကြာမြင့်မည့် ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်းကို စတင်ပြုလုပ်နေကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်သည်။
•    မြန်မာနိုင်ငံတွင် စစ်ကောင်စီက ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းသည် ခွင့်လွှတ်နိုင်စရာမရှိဘဲ အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ပြီး ပြည်သူများကို အကာအကွယ် ပေးရမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ကြာသ ပတေးနေ့က ပြုလုပ်သည့် အရှေ့တောင်အာရှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အပြီးတွင် ပြောကြားလိုက်သည်။
•    လာမည့် မေ ၁၉ ရက်ကနေ ၂၁ ရက်အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်မည့် G7 နိုင်ငံများ အစည်းအဝေးကို မြန်မာနိုင်ငံသားများ၏ အသံများကို ကိုယ်စားပြုသည့် တောင်းဆိုချက်များ ပါဝင်သော အိတ်ဖွင့် ပေးစာတစ်စောင်ကို ပေးပို့သွားမည် ဖြစ်သည်ဟု Blood Money Campaign MM က သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ
•    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ CDF -Sentang ဌာနချုပ် စခန်း နှင့် ခွာပီးကျေးရွာကို မေ ၁၁ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီကျော်ခန့်က အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း CDF -Sentang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးကျေးရွာအတွင်း မေ ၉ ရက်က စစ်ကောင်စီတပ် ထောင်ထား သည့် မိုင်းနင်းမိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားငိုးလ်ရမ်း) (CDF – Hualngoram) တာ၀န်ရှိသူထံက သိရသည်။
•    KNU - ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် တပ်မဟာ ၃ ၊ လယ်ဒိုမြို့နယ် အတွင်း၌ အကြမ်းဖက်စစ်တပ်က စာသင်ကျောင်း၊ ဘုရားကျောင်းအပါ အဝင်နေအိမ် အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
•    ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်) တွင် ပြီးခဲ့ သည့် ဧပြီလက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦး နှင့် တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦး သေဆုံးခဲ့ပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။
•    ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲ များ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦး သေဆုံး ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
•    လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ ထိပ်တိုက်တွေ့ဆုံပြီး ဒေသတွင်း၌ တိုက်ပွဲများ ဖြစ်ပေါ် နေခြင်းအပေါ် မေးခွန်ထုတ်လိုက်ပြီး တွေ့ဆုံ ဆွေးနွေးသည့်လမ်းကြောင်း မှတဆင့် ပြောဆို ညှိနှိုင်း မှုများ ပြုလုပ်ပါက ယခု လက်ရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်၊နေကြသည့် ဆောင်ရွက်မှု လုပ်ဟန်များ ထက် အဆများစွာ အားလုံး အတွက် ပိုမိုသာလွန် အကျိုးများစေမည်ဟု ယုံကြည်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU၊တပ်မဟာ(၆)၊ ခရိုင်ဥက္ကဌ ဖြစ်သူ ပဒိုစောရွှေမောင်းက ၎င်း၏ သဘော ထား ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့သည်။
•    အဖွဲ့၏ အမှတ်တံဆိပ်(LOGO)အသုံးပြုပြီး မသမာသူများမှ လိမ်လည်ခြိမ်းခြောက် ငွေတောင်း ခံသည့်ဖြစ်စဥ်ကို စုံစမ်းဖော်ထုတ်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ပြောသည်။
•    တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်ကော်မတီမှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ (NMSP) က စာတင်ထားကြောင်း NMSP နှင့် နီးစပ်သူထံမှ သိရသည်။
•    အမျိုးသားတစ်ဦးကို ကြိုးတုပ် မီးမြှိုက်ပြီး အမှုစစ်ဆေးမှု လုပ်ခဲ့ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်က ဝန်ခံပြောကြားလိုက်ပြီး အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေး နေကြောင်း SPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီ သတင်းဌာန တွင် ဖော်ပြထားသည်။
စစ်ကောင်စီ
•    စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ခြင်းခြင်းကြောင့် နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်နှုန်းကို အထောက်အကူပြုစေမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ မေလ (၁၀) ရက်က ကျင်းပ သည့် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး အစည်းအဝေးတွင် ပြောသည်။
•    နိုင်ငံရေးပါတီသစ်တည်ထောင်ခွင့်လျှောက်ထားသည့် ပါတီများထဲက ဝံသာနုပါတီ၏ လျှောက်ထား ချက် ကို ငြင်းပယ်လိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။
•    ဖိလစ်ပိုင်ရေတပ်က လက်ခံကျင်းပသည့် ၁၇ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး ကို စစ်ကောင်စီ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မေလ ၁၀ ရက်က အွန်လိုင်းကနေ တက်ရောက်ခဲ့ကြောင်း သိရသည်။
•    ဆော်ဒီ - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်)ဘင် အဗ္ဗဒူ(လ်)လာအယ်လ်စုဘိုင်တို့ မေ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
•    မကွေး၊ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူးနှင့် ဧရာ၀တီ တိုင်းတို့ရှိ ရေနံမှော် နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှု နှင့် လိုင်စင်သက်တမ်းတိုးမှုများ မေ ၂ ရက်က စတင်၍ ဆိုင်းငံ့ထားရန် စစ်ကောင်စီ လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
•    ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ အရာထမ်း၊ အမှုထမ်းများအားလုံးအနေဖြင့် ကျောင်းသား /ကျောင်းသူ များထံက မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်း မပြုလုပ်ရန် စစ်ကောင်စီ လက် အောက်ခံ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
•    သတ်မှတ်ကာလအတွင်း လိုင်စင်လျှောက်ထားခြင်းမရှိသည့် လက်နက်/ခဲယမ်းများအား ဖော်ထုတ် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက အသိပေး ထုတ်ပြန်ထားသည်။
•    စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၀ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာသစ်၂၅၄ ဦး ထပ်တွေ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးရှိသည်ဟု သိရသည်။
မေ ၁၁ ရက် သုံးသပ်ချက်
•    စိုက်ပျိုးရေးလုပ်ငန်းဖြင့် ပြည်တွင်း GDP တိုးတက်စေမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်မှ ပြောဆိုနေ သော်လည်း လက်တွေ့တွင် ဓာတ်မြေဩဇာဈေး အပါအဝင် သွင်းအားစုဈေးများ မြင့်တက် နေမှုကို မဖြေရှင်းနိုင်သည့်အပြင် ကျေးရွာများတွင် စစ်တပ်က ရိက္ခာစပါး မျိုးစပါးများပါမချန် ရွာလုံးကျွတ်မီးရှို့ မှုများကြောင်း တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ဘဲ ထွက်ပြေးနေရသည်။
•    အာဆီယံ ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ခွင့်လွှတ်နိုင်စရာ မရှိဘဲ အကြမ်းဖက်မှုများ ရပ်တန့်ရန် ပြောကြားချက်ကြောင့် စစ်ကောင်စီက နိုင်ငံတကာဖိအားများ နှင့် ပိုမို ရင်ဆိုင်လာရန် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly