မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းရှိနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းနေ

By ကီရာ (မဇ္ဈိမ)
11 May 2023
မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းရှိနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းနေ

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး နေရာအချို့တွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နေကြောင်း မြို့ခံများကပြောသည်။

မေလ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အချိန် တစ်နာရီကျော်ကြာသည်အထိ ရန်ကုန်တိုင်း နေရာအချို့တွင်မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ပြီး သစ်ပင်များလည်း ကျိုးကျပျက်စီးမှု ခဲ့သည်ဟု သိရသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (NUG) ကလည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းအဆင့်မှ အားကောင်းသော မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ မေလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (MOCHA) အမည်ပေးနိုင်သော အဆင့်သို့ ရောက် ရှိနိုင်ကြောင်း မေလ ၁၀ ရက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ်ကျရောက်နိုင်သောဇုန်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်)၊ စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်) များကို အန္တရာယ်အများဆုံးဇုန်အဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်) များကိုဒုတိယနှင့် သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ) ကို တတိယအန္တရာယ်အများဆုံး ဇုန်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) မှလည်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နိုင်သည့်အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့်သတိပေးချက် "RED ALERT" ကို ယနေ့ မေလ ၁၁ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေးတိုင်းမှလူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required