ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သဖြင့် နေအိမ် ၈၃ လုံး မီးလောင် ပြာကျ

By MTO (မဇ္စျိမ)
11 May 2023
ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သဖြင့် နေအိမ် ၈၃ လုံး မီးလောင် ပြာကျ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၈၃ လုံး မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် မေလ ၇ ရက်နေ့က ထောက်ရှာအိုင်ကျေးရွာကို ဝင်ရောက် မီးရှို့သွားသည့် အတွက် နေအိမ် ၈၃ လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် ထောက်ရှာအိုင်ကျေးရွာအား မီးရှို့ပြီးနောက် အရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှာသူများအဖွဲ့က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိရခြင်းမရှိဘဲ စစ်ကြောင်းသွားရာ တလျှောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ယင်းအပြင် မေလ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ကန့်ဘလူခရိုင် ကာဘိုးတိုက်နယ်အတွင်းရှိ ချင်မြစ် ကျင်းရွာကို  စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈)မှ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် နေအိမ်များကိုမီရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်မြစ်ကျင်းကျေးရွာအတွင်း နှစ်ညအိပ်နေထိုင်သွားပြီး နေအိမ်များ မီးလောင် ပျက်စီးမှုအခြေအနေကို သိရခြင်းမရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။
လက်ရှိအချိန်တွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းအထိရှိနေပြီး စစ်ဘေး ရှောင်နေရသူ ၃၀,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly