ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)  ဦးဆောင်ကော်မတီမှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည် 

By ဂျူချန်း (မဇ္ဈိမ)
11 May 2023
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)  ဦးဆောင်ကော်မတီမှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည် 

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)  ဦးဆောင်ကော်မတီမှနုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ(NMSP)က စာတင်ထားကြောင်း NMSP နှင့် နီးစပ် သူထံမှ သိရသည်။

“အစစအရာရာစဉ်းစားပြီး စာတင်လိုက်တာပါ။ ပြီးတော့ ပါတီကနေ PPST မှာ တာဝန်ယူထားရတာ လည်း တစ်နှစ်မကတော့ဘူး။ အဖွဲ့ဝင်အားလုံးရဲ့အလိုကိုလိုက်ပြီး တာဝန်ယူနေရတာဆိုတော့ ဒီတာဝန် တွေကို ခေါင်းမခံချင်တဲ့ပုံစံပေါ့လေ။ ပြီးတော့ အခု PPST က လက်နက်ကိုင်တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရတော့ဘူး။ ကျန်တဲ့အင်အားကြီးတွေက အကုန်ပစ်နေကြတာ။ ဒီထဲက အဖွဲ့ဝင်ခုနစ်ခုနဲ့ကျန်တဲ့သုံးဖွဲ့ကပဲ စစ်တပ်နဲ့ဆွေးနွေးနေလို့ မြန်မာနိုင်ငံပဋိပက္ခက ပြီးသွားမှာမဟုတ်ဘူး လေ” ဟု NMSP နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့်မေလဆန်းပိုင်းက ဦးဆောင်ကော်မတီမှနုတ်ထွက်ရန် စာတင်ထားသော်လည်း NMSP အနေ ဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်မည့်လုပ်ငန်းများတွင် PPST နှင့်ပူးပေါင်းကာ လုပ်ငန်းစဉ်အချို့တွင် ချိတ် ဆက်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နုတ်ထွက်တယ်ဆိုပေမယ့်လည်း ချိတ်ဆက်မှုက ရှိမှာပါ။ ကရင်(KNU) တို့ CNF တို့ဆိုလည်း ထွက်ပြီး PPST plus3 အနေနဲ့ပါ ပါတယ်။ အဲဒီသဘောမျိုးပေါ့။ အခု ဥက္ကဋ္ဌအနေနဲ့ နိုင်အောင်မင်းလည်းနုတ် ထွက်ထားလိုက်ပြီ။ ပါတီအနေနဲ့လည်း အဲဒီလိုမျိုးနုတ်ထွက်ပြီး plus သဘောမျိုးပဲဆက်ဆံသွားပါမယ်။ တခြားအဖွဲ့တွေလိုပဲပေါ့။ အဆက်တော့ မပြတ်ပါဘူး။ ဆက်ပြီး ခေါင်းမခံတော့တဲ့သဘောမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

PPST မှ နုတ်ထွက်ခြင်းကိစ္စနှင့်ပတ်သက်၍ NMSP သည် အဖွဲ့ခေါင်းဆောင်နေရာမှ နှုတ်ထွက်လိုခြင်း သာဖြစ်ပြီး ရိုးရိုးအဖွဲ့ဝင်အနေဖြင့် ဆက်လက်ပါဝင်သွားမည်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အဓိကကျတဲ့တာဝန်တွေမှာ မပါဝင်နိုင်တဲ့သဘောပါတယ်။ PPST ထဲမှာလည်း ပြဿနာလေးတွေရှိ တယ်လေ။ တစ်ဖွဲ့ခြင်းပြဿနာတို့၊ အများနဲ့ပတ်သက်တဲ့ပြဿနာတို့ အဲဒီလိုပြဿနာလေးတွေမှာလည်း တာဝန်ယူဖို့၊ တာဝန်ခံဖြေရှင်းဖို့ သိပ်မအားမလပ်ဖြစ်တဲ့အခါကျတော့ နည်းနည်းလေး ပါဝင်မှုကိုလျှော့ချ လိုက်တဲ့သဘောပါ။ အဆင်ပြေတဲ့နေရာမှာပါမယ်၊ မပြေတဲ့နေရာမပါသေးဘူး။ အဖွဲ့ခေါင်းဆောင်တို့၊ ဘာ တို့မှာ ခေါင်းမခံချင်ဘူးပေါ့။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်” ဟု ခွန်ဥက္ကာက မဇ္ဈိမကိုပြော သည်။

လက်ရှိ NMSP မှ နုတ်ထွက်စာတင်သည့်အပေါ်တွင် PPST အနေဖြင့် ဆုံးဖြတ်ချက်မချရသေးကြောင်းနှင့် လာမည့် မေလ ၁၅ ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိခေါင်းဆောင် နေရာအား နောက်ခေါ်မည့်ထိပ်သီးအစည်းအဝေးမတိုင်ခင်အထိ ယာယီသဘောမျိုးရှိနေပြီး ထိုအစည်း အဝေးတွင်သာ တာဝန်များအား လွှဲပြောင်းပေးလေ့ရှိကြောင်း ဆိုသည်။

“မွန်ပြည်သစ်က အဖွဲ့ခေါင်းဆောင် ဘာညာတာဝန်က SUMMIT(ထိပ်သီးအစည်းအဝေး)ကနေ ရွေးချယ်ခဲ့ တာပါ။ ဒါကြောင့် အနည်းဆုံးတော့ နောက်ခေါ်မယ့် SUMMIT အထိ လိုက်ပါပြီးတော့ အဲ့ဒီရောက်တော့မှ တာဝန်လွှဲပြောင်းတာတို့ အကောင်းဆုံးပေါ့။ ဒါတရားဝင်ပေါ့လေ။ အခုကတော့ ကြားကာလ ယာယီပဲဖြစ် မှာပါ။ တရားဝင်ကတော့ ကိုယ့်ကိုရွေးချယ်တင်မြှောက်ပေးတဲ့ အစည်းအဝေးကြီးမှာမှ လုပ်ထုံးအရ အပြောင်းအလဲလုပ်လို့ရမယ်။ ဒါကြောင့် ကျနော်တို့ SUMMIT အထိ စောင့်ဖို့တော့ မေတ္တာရပ်ခံရမှာပေါ့။ သူတို့ ပါဝင်နိုင်သလောက် ပါဝင်ပေါ့။ ဒါပေမယ့် ထိပ်စီးခေါင်းဆောင်ပြောင်းဖို့ကတော့ မသင့်တော်သေး ဘူးပေါ့” ဟု ခွန်ဥက္ကာက ပြောသည်။

အဆိုပါထိပ်သီးအစည်းအဝေးကို ထူးခြားဖြစ်စဉ်များကို ဆွေးနွေးရန်နှင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရန် တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် အချိန်မအားလပ်ကြသောကြောင့် မကျင်းပ ရသေးကြောင်း သိရသည်။

PPST ဦးဆောင်ကော်မတီ၌ အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာနော်ကပေါ်ထူးတို့ဖြစ်ကာ ရဲဘော်မျိုးဝင်းကို ညှိနှိုင်းရေးမှူးအဖြစ် ၂၀၂၂ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ် သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊  ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တပ်ဦး (ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တို့ပါဝင်ဖွဲ့စည်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအခင်းအကျင်းများ ကြောင့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် KNU, CNF နှင့်  RCSS တို့ သုံးဖွဲ့သည် PPST တွင် ပါဝင်မှုကိုလျှော့ချကာ PPST plus3 အနေဖြင့်သာ ရှိနေပြီး ABSDF မှလည်း ပူးပေါင်းဆောင် ရွက်မှုများလျှော့ချထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly