စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောတွင် အပတ်စဉ်(၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
11 May 2023
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောတွင် အပတ်စဉ်(၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသခွဲ အမှတ် (၃)၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ အပတ်စဉ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည်။
အပတ်စဉ်(၇) အခြေခံစစ်ပညာသင်တန်းသို့ ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁)မှ သင်တန်းသူ ၁၂ ဦး အပါအဝင် သင်တန်းသား စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ ကြောင်း ဆိုသည်။

“လက်ရှိတော့ ကျွန်တော်တို့က သင်တန်းဆင်းတဲ့ ရဲဘော်/ရဲမေတွေ အားလုံးကို ယူနီဖောင်းတွေ အပြည့် အ၀ဆင်ပေးနိုင်ပေမယ့် တိုက်ပွဲဖော်ဆောင်တဲ့အခါမှာတော့ လက်နက်ခဲယမ်းတွေ မတပ်ဆင်ပေးနိုင် သေးလို့ အလှည့်ကျအနေနဲ့သွားနေရတယ်” ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဆရာစံက ပြောသည်။

လက်ရှိအချိန်ထိ မြိတ်ခရိုင် တပ်ရင်း (၁)မှ စစ်သင်တန်းပေးခဲ့သည့် ရဲဘော်ဦးရေ ၅၀၀ နီးပါး ရှိနေပြီ ဖြစ်ပြီးဖြစ်သည်။
အလားတူပင် မေလ ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂)တွင် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို အင်အား ၈၀ နီးပါးဖြင့် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းတွင် မြိတ်ခရိုင်အတွင်းမှ ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပွားနေသည့်ဒေသဖြစ်သလို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် နှစ်ခုလည်း ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly