အီရတ်သို့ နောက်ထပ်တပ်ဖွဲ့ဝင်များစေလွှတ်ရန် ပင်တဂွန်စီစဉ်

အီရတ်သို့ နောက်ထပ်တပ်ဖွဲ့ဝင်များစေလွှတ်ရန် ပင်တဂွန်စီစဉ်

ဝါရှင်တန်၊ မတ် ၂၆ ။            ။ အိုင်အက်စ်အကြမ်းဖက်သမားများအပေါ် စစ်ဆင်ရေးအရှိန်မြင့်ရန် အီရတ်သို့ နောက်ထပ်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် ပင်တဂွန်က စီစဉ်နေသည်ဟု ပူးတွဲစစ်ဦးချုပ်အဖွဲ့ဥက္ကဋ္ဌက ပြောသည်။

အီရတ်တပ်ဖွဲ့များကို စစ်ရေးထောက်ပံ့မှု မြင့်တင်ရေးနှင့် ပတ်သက်၍ သမ္မတ ဘားရက်အိုဘားမားထံသို့ ပင်တဂွန်က အဆိုပြုချက်များ တင်မည်ဟု ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ်ဒန်ဖို့ဒ်က မတ် ၂၅က ပြောသည်။ "အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် နောက်ထပ်ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ လာမဲ့သီတင်းပတ်တွေအတွင်း သမ္မတနဲ့ ဆွေးနွေးရာမှာ တင်ပြဖို့ ကျွန်တော်တို့မှာ အကြံပြုစရာတွေအများကြီးရှိပါတယ်"ဟု ပင်တဂွန်တွင်ပြုလုပ်သည့် သတင်းရှင်းလင်းမှုတစ်ခုတွင် ၎င်းက ပြောသည်။

လာမည့် သီတင်းပတ်များတွင် အီရတ်၌ အမေရိကန်တပ်ဖွဲ့ဝင်များ မြင့်တင်မည်ဆိုသည့် ယူဆမှုမျိုး မိမိနှင့် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာတို့တွင် ရှိနေသော်လည်း ဆုံးဖြတ်ချက်မချရသေးကြောင်း ဒန်းဖို့ဒ်က ပြောသည်။ ထောက်ခံအကြံပြုချက်များတွင် အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးလ်ကို အီရတ်တပ်ဖွဲ့ဝင်များက လွတ်မြောက်အောင်လုပ်ရာတွင် အမေရိကန်က ကူညီနိုင်မှုလည်း ပါဝင်မည်ဖြစ်သည်။

အီရတ်တပ်ဖွဲ့ဝင်များသည် အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်မှ အိုင်အက်စ်တို့ကို မောင်းထုတ်ရန် မတ် ၂၄ အစောပိုင်းက စစ်ဆင်ရေးစတင်ခဲ့သည်။ ယင်းမှာ ယခုနှစ်အတွင် မိုးဆူးလ်ကို အပြီးတိုင်ပြန်လည်သိမ်းပိုက်ရန် ဘဂ္ဂဒက်က စီစဉ်နေသည့် ကြီးမားသည့်စစ်ဆင်ရေး၏ ပထမအဆင့်ဖြစ်သည်။

နောက်ထပ်စေလွှတ်မည့် တပ်ဖွဲ့ဝင်အရေအတွက်ကို ဗိုလ်ချုပ်ကြီးဒန်းဖို့ဒ်က မပြောကြားခဲ့ပါ။ သို့သော်လည်း အီရတ်ရှိ အမေရိကန်တပ်ဖွဲ့၏ ပမာဏမှာ သမ္မတအိုဘားမားက အတည်ပြုထားသည့်တပ်ဖွဲ့ဝင် ၃,၈၇၀ ထက်ကျော်လွန်နေသည်ကိုမူ ၎င်းကဝန်ခံခဲ့သည်။ အမှန်တကယ်ရှိသည့် အရေအတွက်မှာ ၅,၀၀၀၀န်းကျင်ရှိသည်ဟု ပင်တဂွန်အရာရှိများက တီးတိုးပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly