မြန်မာငြိမ်းချမ်းရေး အစီအစဉ်၌ စွမ်းဆောင်နိုင်မှု အနည်းအကျဉ်းသာ ရှိဟု အင်ဒိုနီးရှား သမ္မတ ပြော

မြန်မာငြိမ်းချမ်းရေး အစီအစဉ်၌ စွမ်းဆောင်နိုင်မှု အနည်းအကျဉ်းသာ ရှိဟု အင်ဒိုနီးရှား သမ္မတ ပြော
Photo-AFP

မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခများ အဆုံးသတ်ရေးကို ရည်ရွယ်သည့် ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် “အရေးပါသော စွမ်းဆောင်မှု” လုပ်ဆောင်ထားနိုင်ခြင်း မရှိကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ပြောသည်။

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံက အရှိန်မြင့်ဖြစ်ပွားနေသည့် ပဋိပက္ခများသည် အင်ဒိုနီးရှားတွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အစည်းအဝေးများတွင် လွှမ်းမိုးနေသည်။

မြန်မာပဋိပက္ခကို ဖြေရှင်းနိုင်ရေး သံတမန်အားထုတ်မှုများကို ဦးစီးဖော်ဆောင်နေသည့် အာဆီယံအနေဖြင့်လည်း စစ်ကောင်စီ သဘောတူထားသော ငြိမ်းချမ်းရေး မူ ငါးရပ်ကို ကျင့်သုံးနိုင်ရေး ဖိအားများနှင့် ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့် နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးမူ ငါးရပ်ကို သဘောတူခဲ့ပြီး အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်နေခြင်း ဖြစ်သည်။

သဘောထားကွဲလွဲသူများနှင့် စစ်တပ်အုပ်ချုပ်ရေးကို လက်နက်ကိုင် ခုံခံမှုများအား စစ်တပ်က ဖြိုခွင်းရာတွင် ပြည်သူထောင်ပေါင်းများစွာ သေဆုံးသည်။

လာဘူအန် ဘာဂျို ငါးလုပ်ငန်းမြို့တွင် ဆွေးနွေးပွဲများ နောက်ဆုံးရက် စတင်ချိန်၌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အရေးပါသော တိုးတက်မှု မစွမ်းဆောင်ကြောင်းကို ဝန်ခံသည်။

“ရှေ့ဆက် သွားနိုင်ဖို့အတွက် အာဆီယံ စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်”ဟု စကားပြန်မှတစ်ဆင့် ဝီဒိုဒိုက ပြောသည်။

စစ်ကောင်စီက နိုင်ငံတကာ ဝေဖန်မှုများကို မျက်ကွယ်ပြုပြီး ဖြုတ်ချခံအမတ်များ ပါဝင်သည့် အတိုက်အခံများ၊ အာဏာသိမ်းမှု ဆန့်ကျင်သော “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” နှင့် လက်နက်ကိုင် တိုင်းရင်းသားလူနည်းစုများနှင့် စေ့စပ်ညှိနှိုင်းရန် ငြင်းဆန်သည်။

တော်လှန်ရေးအုပ်စုများ၏ အမာခံနယ်မြေက ရွာတစ်ရွာကို ပြီးခဲ့သည့် လက လေ‌ကြောင်းတိုက်ခိုက်ရာ လူပေါင်း ၁၇၀ နီးပါး သေဆုံးပြီး နိုင်ငံတကာ ရှုတ်ချကာ စစ်ကောင်စီ ပို၍ အထီးကျန်လာခဲ့သည်။

စီးပွားရေးဖိအားများနှင့် သံတမန်ရေး အတွေ့အကြုံများအားဖြင့် အာဆီယံသည် ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို စွမ်းဆောင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များကို ယခုနှစ်၌ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အင်ဒိုနီးရှားက မြှင့်တင်ပေးခဲ့သည်။

သို့ရာတွင် အာဆီယံအတွင်း သဘောထားကွဲလွဲမှုများက ကြိုးပမ်းအားထုတ်မှုများကို ဖိစီးလျက် ရှိကြောင်း သံတမန်သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောပြီး ထိပ်သီးအစည်းအဝေးက နိုင်ငံအချို့သည် အဆင့်မြင့်အစည်းအဝေးများ၌ စစ်ကောင်စီအား ပြန်လည်ဖိတ်ခေါ်ရန် အကြံပြုကြသည်ဟု ဆိုသည်။

မြန်မာသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ၌ ပါရှိနေသေးဆဲဖြစ်သော်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် အကောင်အထည်ဖော်မှု ပျက်ကွက်ခြင်းကြောင့် ထိပ်သီးအစည်းအဝေးများမှ တားမြစ်ခံရသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.france24.com/en/live-news/20230511-indonesia-s-widodo-says-l...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required