ခင်ဦးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တိုက်ခိုက်၊ သေနက် ၂ လက် သိမ်းဆည်း ရရှိ

By MTO(မဇ္ဈိမ)
11 May 2023
ခင်ဦးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တိုက်ခိုက်၊ သေနက် ၂ လက် သိမ်းဆည်း ရရှိ

စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦး ကင်းလှည့်ထွက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး သေဆုံးခဲ့ပြီး သေနက်နှစ်လက်သိမ်းဆည်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး မူးတိမ်ချောင်းတံတားအနီးသို့ ကင်းပုန်းဝပ်ရန်ထွက် လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်(ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“နေ့လည် ၁၂ ခွဲ ဝန်းကျင်းလောက်မှာ မူးတိမ်ချောင်းတံတားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ထဲကနှစ်ယောက်က သူတို့တပ်စခန်းပတ်လည်မှာကင်းဝပ်ဖို့လာတာ၊ ကျနော်တို့ကင်းဝပ်တာလက်ဦးတဲ့ အနေအထားမှာ ထိပ်တိုက်တွေ့ပြီးပစ်ခတ်ခဲ့တယ်။ အချိန်အားဖြင့် သုံးမိနစ်လောက်ကြာတယ်၊ နှစ်ဦးလုံး ကို အသေပစ်ခတ်နိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်လာတဲ့လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

သိမ်းဆည်းရမိသည့်လက်နက်များမှာ MA-1 တစ်လက်၊ AK-47 တစ်လက်ကျည်ဘောက်သုံးခုနှင့် 5.56 ကျည် ၁၅ တောင့်ဖြစ်ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်

တိုက်ပွဲဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးခန့် လိုက်လာသော် လည်း အလောင်းကောက်ယူရန်တက်မလာဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း ခင်ဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးပြောသည်။

သေနတ်နှစ်လက်ဆုံးရှုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရေဦး မြို့နယ်မှ ကားကြီးနှစ်စီး အင်အား ၅၀ ခန့်ဖြင့် ခင်ဦးမြို့နယ်ထဲသို့ ၀င်ရောက်လာနေကြောင်း သိရသည်။

“ရေဦးကထွက်လာတဲ့ အင်အား ၅၀ လောက်နဲ့ရွာသစ်ကုန်းက ပျူတွေပေါင်းပြီး မနေ့ကတိုက်ခိုက်ခဲ့တဲ့ မူးတိမ်ချောင်းဘက် စစ်ကြောင်းစထွက်နေပြီ” ဟု ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်တစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်များက မြို့နယ်အတွင်းရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသည့်ဒေသခံများမှာ စစ်ဘေးရှောင် မီးဘေးသင့်ဒုက္ခသည်များအဖြစ် နေထိုင်နေကြရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required