KNU တပ်မဟာ(၅)တွင် ဧပြီလအတွင်း တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး 

By YT(မဇ္ဈိမ)
11 May 2023
KNU တပ်မဟာ(၅)တွင် ဧပြီလအတွင်း တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)တွင် ပြီးခဲ့ သည့်ဧပြီလကဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦး သေဆုံးခဲ့ပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

“ဧပြီလတစ်လလုံးအတွင်း တပ်မဟာ(၅) KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ပြောက်ကျားတိုက်ပွဲ ပေါင်း ၂၅၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်က တပ်ခွဲမှူးတစ်ဦးနဲ့တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦးကျဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်က မြင်းခုနစ်ကောင်လည်းသေတယ်” ဟု KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

ဧပြီလအတွင်း တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပေါင်း ၂၅၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။

စစ်ကောင်စီတပ်သည် ဧပြီလအတွင်း တပ်မဟာ (၅) နယ်မြေအတွင်းရှိ ကျေးရွာများအတွင်း လေကြောင်း တိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးကျည် ၃၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ဒေသခံနှစ်ဦးသေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ၃၈ လုံးကို အရပ်သားတွေနေထိုင်တဲ့ ရွာနဲ့ လယ်ယာဥယျာဥ် ခြံမြေတွေပေါ်  ပစ်ခတ်ခဲ့ပါတယ်။ 

တိုက်လေယာဉ်နဲ့လည်း လေးကြိမ်လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ပါတယ်။ ရွာသားနှစ်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရပါတယ်။ လူနေအိမ်သုံးလုံး ဗုံးထိမှန် မီးလောင် ပျက်စီးခဲ့ရပါတယ်" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့်ဧပြီလအတွင်း တပ်မဟာ(၅)KNLA အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်(BGF)တို့၏ တပ်စခန်းများဖြစ်သည့် နီကန်စခန်း(ခ)ဝါးသိုးခို့စခန်း၊ မယ်စိထာစစ်ဆေး ရေးဂိတ်စခန်းတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly