မြန်မာရေဘေးသင့်ဒေသသို့ ဒေါ်လာငါးသန်းကျော်ဖိုး လျှပ်စစ်ပစ္စည်းများ တရုတ်လှူဒါန်း

မြန်မာရေဘေးသင့်ဒေသသို့ ဒေါ်လာငါးသန်းကျော်ဖိုး လျှပ်စစ်ပစ္စည်းများ တရုတ်လှူဒါန်း
သြဂုတ်လ ၃ ရက်က ကလေးမြို့ ရေနစ်မြှုပ်နေသည့်မြင်ကွင်းအား ဝေဟင်မှ မြင်ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မြန်မာနိုင်ငံက ရေဘေးသင့်ခဲ့ရာဒေသများသို့ ယွမ် ၃၆ သန်း(အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်း)ကျော်ဖိုးရှိ လျှပ်စစ်ပစ္စည်းများကို တရုတ်နိုင်ငံက မတ် ၂၅ ရက်က ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပစ္စည်းများအား တရုတ်သံအမတ်ကြီး ဟောင်လီအန်းက မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးထံ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ပေးအပ်သည့် လူသားချင်းစာနာထောက်ထားရေးအကူအညီများအား မြန်မာနိုင်ငံတွင် အကောင်းဆုံးအသုံးပြုလျက်ရှိကြောင်း၊ ခိုင်မာနက်ရှိုင်းသည့် ဆက်ဆံရေးနှင့်အတူ   နှစ်နိုင်ငံပြည်သူများကြား ရင်းနှီးသည့် ဆက်ဆံရေးက တိုးမြှင့်ခိုင်မြဲလျက်ရှိကြောင်း ပစ္စည်းလက်ခံမှုအခမ်းအနားတွင် ဦးခင်မောင်စိုးက ပြောခဲ့သည်။

နှစ်နိုင်ငံကြား နက်ရှိုင်းသည့် ပေါက်ဖော်ဆက်ဆံရေးအားဖြင့် ပြည်သူများအတွက် အပြန်အလှန်အကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း၊ ရင်းနှီးမှုအခြေခံ ပူးပေါင်းဆောင်ရွက်မှုများက   အောင်မြင်မှုများ ရရှိစေကြောင်း တရုတ်သံအမတ်ကြီး ဟောင်လီအန်းက ပြောခဲ့သည်။

ယခုလှူဒါန်းသော လျှပ်စစ်ပစ္စည်းများကို တရုတ်နိုင်ငံမှ ကုမ္ပဏီရှစ်ခုမှ ထုတ်လုပ်ပြီး သုံးသုတ်ခွဲကာ မြန်မာနိုင်ငံသို့ ပေးပို့ခြင်းဖြစ်သည်။ ယခုရောက်ရှိသည့် ယွမ် ၁၅ သန်းရှိသော လျှပ်စစ်ပစ္စည်းများသည် ပထမဆုံးအသုတ်ဖြစ်ပြီး ကျန်လှူဒါန်းပေးအပ်မည့် လျှပ်စစ်ပစ္စည်းများကို ဧပြီနှင့် ဇွန်တွင် ထပ်မံပေးပို့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly