နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အကြမ်းဖက်စစ်တပ်က စစ်သား ၄ ဦး ပြည်သူ့ဘက်ကူးပြောင်းကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး ယင်းခိုလှုံ လာသူ ၄ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်၊ ပြည်သူ့ရင်ခွင် ကော်မတီတာဝန်ခံ ဦးမောင်မောင်ဆွေနှုတ်ဆက်စကားပြောဆိုခဲ့သည်။
•    အလုပ်သဘောဖြင့် ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျအစိုးရအဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။
•    ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဗွီဒီယိုကွန်းဖရန့်ကနေတစ်ဆင့် ဆွေးနွေး ခဲ့ကြကြောင်းထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ သန္ဓေပင်တိုးဂိတ်အား မေလ ၄ ရက် နံနက်ပိုင်းက JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းကို တပ်ဖွဲ့တာဝန်ခံ၏ ပြောပြချက်အရသိရသည်။
•    ရန်ကုန် အင်းစိန်ထောင်မှ ပဲခူး သာယာဝတီထောင်သို့ မေလ ၉ ရက်နေ့က အကျဉ်းသား ၅၀၀ ကျော် ပြောင်းရွေ့လိုက်ကြောင်း ရှေ့နေများ အသိုင်းအဝိုင်းထံက တစ်ဆင့် သိရသည်။
•    ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ်(၂၀) ရပ်ကွက်၊ မီးခွက်ဈေး ၊ရွေလင်ဗန်း၊ အောက်ထိပ်၊ ကျောင်းရှေ့မှတ်တိုင် အစရှိသည့် နေရာများတွင် စစ်ကောင်စီအဖွဲ့ဝင်များမှ ဆိုင်ကယ်များနှင့် ဘေးတွဲဆိုင် ကယ်များကို လိုက်လံဖမ်းဆီးသိမ်းဆည်းနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းတွင် စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီ တပ်ကား သုံးစီးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team ထံက သိရသည်။
•    မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းစေရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို “မြန်မြန်ဆန်ဆန်နှင့် အပြည့်အဝ” အကောင်အထည်ဖော်ဆောင်စေနိုင်ရန် အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက် ဖိအားပေးသင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာခရစ်ရှ်နန်က ပြောသည်။
•    မြန်မာနိုင်ငံက နေရပ်ရွှေ့ပြောင်း ပြည်သူများအတွက် အကူအညီပေးရန် သွားရောက်သည့် ယာဉ်တန်းအား လက်နက်ကိုင် တိုက်ခိုက်မှုအပေါ် အရှေ့တောင်အာရှ ခေါင်းဆောင်များက ရှုတ်ချပြီး အကြမ်းဖက်မှုများ ချက်ချင်း ရပ်ရေးနှင့် စစ်ကောင်စီက ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရေးတို့အား ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာကို တိုက်ခိုက်ချိန်မှာ မြန်မာစစ်တပ်က လေဟာဗုံးခေါ် သာမိုဘားရစ်ဗုံးကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ထုတ်ပြန်ပြော ကြားလိုက်သည်။
•    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောဗောဓိကျေးရွာရှိ လူထုအခြေပြု စာသင်ကျောင်းကို စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကျောင်းဆရာ တစ်ဦးထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှ မိုင်းရှင်းရန် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို PDF တပ်များက အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းမြို့ရဲစခန်း၊ ကလေးတက္ကသိုလ် မုခ်ဦးအနီး နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမတိုင်မီ ပြောင်းရွှေ့ကြရန် Chin land Defense Force Siyin မှ သတိပေးထုတ်ပြန်ထားသည်။
•    မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ပြောသည်။
•    တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ မြန်မာ-ထိုင်း နပ်စပ်ဘက်သို့ သွားသည့် ထားဝယ်-ထီးခီး လမ်းပိုင်း တစ်နေရာတွင် အင်အား ၁၀၀ ကျော် ပါသည့် စစ်ကောင်စီ စစ်ကြောင်းအား ထား၀ယ်စုပေါင်း စစ်ကြောင်း( Dawi Collicative Column)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည့် အရပ်သား နှစ်ဦးပါ ထိခိုက်သွားကြောင်း ထား၀ယ်စုပေါင်းစစ်ကြောင်း တာ၀န်ရှိ သူထံက သိရသည်။
•    ကချင်ပြည်နယ်၊ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်၊ညောင်ပင်ကုန်းအတက်၊မော်မောင်းလယန် ရွာလမ်းခွဲ တွင် ယမန်နေ့မေလ ၉ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ‌သောကြောင့် နှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၉ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
•    မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ အကျဉ်းထောင်တစ်ခုမှ နိုင်ငံရေးအကျဉ်းသားများ စုပေါင်း၍ ၎င်းတို့၏ မိသားစုဝင်များပေးပို့သည့် ထောင်ဝင်စာအပါအဝင် ရိက္ခာများကို တော်လှန်ရေးအဖွဲ့များဆီသို့ ပေးပို့ထောက် ပံ့ခဲ့ကြောင်း အကျဉ်းသားနှင့် နီးစပ်သူများထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်စလုံးကျေးရွာတိုက်ပွဲတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း(၈) မှ အထူးကွန်မန်ဒိုတပ်စုမှူးတစ်ဦး နှင့် တပ်ရင်း(၁၁) မှ တပ်သားနှစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ
•    ပြည်သူ့ကာကွယ်ရေးတပ်များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ကာ ၄င်းကိုတော်လှန်နေသူများကိုမက်လုံးပေးလိုက်သည်။
•    ဝါရှင်တန်မြို့ရှိ ကမ္ဘောဒီးယားသံရုံး၌ မေ ၈ ညရက်တွင် ကျင်းပသည့် အာဆီယံ ကော်မတီဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရေးနှင့် ယဉ်ကျေးမှု ရေးရာဌာန ဒုတိယလက်ထောက်ဝန် ကြီးကိုတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ် စာစားပွဲသို့ မြန်မာသံရုံးမှယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။
•    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ စုပေါင်းလှူဒါန်းသော ထိုင်းဘတ်ငွေ (၁) သန်းကျော်တန်ဖိုးရှိ အသင့်စား ခေါက်ဆွဲခြောက်ထုပ် ၁ သိန်းခွဲကျော်အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်မျိုးထွဋ် က မေ(၈) ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါ်သက်သက်ခိုင် ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် NCA ပါ ပြဌာန်းချက်များကို ဆန့်ကျင်ပြီး ထိပ်တိုက် ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေကြောင်း  စစ်ကောင်စီရဲ့  ငြိမ်းချမ်းရေးကော်မတီက ထုတ်ပြန် ပြောဆိုသည်။
•    တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားကြရန် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

မေ ၁၀ ရက် သုံးသပ်ချက်

•    နိုင်ငံအာဏာကိုမတရားလုယူသိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တော်လှန်သူများတွင် အလွှာအသီးသီးလူထုလူတန်းစားအသီးသီးမှ ခံယူချင်ဖြင့် မတရားမှုကို တော်လှန်နေခြင်းဖြစ်သည်က စစ်ကောင်စီမှ ငွေလိုချင်၍တော်လှန်နေသည်ဟု ထင်မှတ်ကာ လက်နက်ဖြင့်အလင်းဝင်လျှင် ငွေပေး မည်ဟု မက်လုံးပေးနေသည်။
•    အာဆီယံအစည်းအဝေးတွင် ဘုံသဘောတူညီချက်ကို စစ်ကောင်စီမှ မြန်မြန်ဆန်ဆန် လိုက်နာရန် တောင်းဆိုထားသည့်အတွက် နိုင်ငံတကာဖိအားများ ပိုများလာဖွယ်ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required