အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG ကြိုဆိုသော်လည်း စစ်ကောင်စီကို အယုံအကြည် မရှိ

အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG ကြိုဆိုသော်လည်း စစ်ကောင်စီကို အယုံအကြည် မရှိ
Photo-AFP

ပဋိပက္ခ ကျရောက်နေသော အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုသော်လည်း ၂၀၂၁ က အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကို အလွန်အမင်း ယုံကြည်မှု မရှိကြောင်း ပြောခွင့်ရသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ရန်လိုမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် အင်ဒိုနီးရှားတွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများ အသင်း အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက တိုက်တွန်းပြီး အားချင်း ဆွေးနွေးပွဲများ ကျင်းပရေးနှင့် အကူအညီများ ပေးပို့နိုင်ရေးတို့ကို တွန်းတင်ပြောဆိုသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အကြီးဆုံး အတားအဆီးက စစ်ကောင်စီပါပဲ”ဟု NUG ပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတကာ အသိုင်းအဝန်းအား လှည့်စားရန် ကြိုးစားနေကြောင်း ဦးကျော်ဇောက ပြောပြီး မတည်ငြိမ်မှုများ ဖြစ်ပွားပေါ်ပေါက်စေသည့် အာဏာသိမ်းပြီး လအတန်ကြာ၌ စစ်ကောင်စီ ခေါင်းဆောင်က အာဆီယံနှင့် သဘောတူညီခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကို ထောက်ပြသည်။

“စစ်ကောင်စီဟာ ဘယ်တော့မှ ကတိမတည်ဘူး”ဟု ၎င်းက ထပ်လောင်းပြောသည်။

ထင်မြင်ချက်ပေးရန် ကြိုးစားသည့် ဖုန်းခေါ်ဆိုမှုကို စစ်ကောင်စီ ပြောခွင့်ရသူတစ်ဦးက ဖြေကြားခြင်း မရှိပေ။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချခဲ့သည့် ၂၀၂၁ စစ်အာဏာသိမ်းမှုသည် မြေစမ်းခရမ်းပျိုး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဆယ်နှစ်တာကို နိဂုံးချုပ်လိုက်သည်။ ယင်းနောက်၌ ဆန္ဒပြသူများကို သေလောက်အောင် ဖြိုခွင်းရာမှာ လက်နက်ကိုင် ခုံခံတွန်းလှန်မှုများ ပေါ်ပေါက်လာရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်များအား တိုက်ခိုက်နေရာ စစ်ကောင်စီမှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယင်းကို တုံ့ပြန်ပြီး စစ်ကောင်စီသည် စီစဉ်ထားသော ရွေးကောက်ပွဲ မတိုင်ခင် အာဏာချုပ်ကိုင်နိုင်ရေး ကြိုးစားကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး လေကြောင်းတိုက်ခိုက်မှုများပါ ကျူးလွန်နေသည်။

တော်လှန်ရေးသမားများအား လက်နက်အပ် ပြန်လာပါက ဆုကြေးငွေ ချီးမြှင့်မည်ဟု ဖိတ်ခေါ်သော ထုတ်ပြန်ချက်တစ်ရပ်ကို စစ်ကောင်စီ ထိန်းချုပ်သော Global New Light of Myanmar သတင်းစာ၌ ဖော်ပြခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသက်သွင်းရန် ကြိုးစားမှု၌ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အပြင် အင်ဒိုနီးရှားသည်လည်း မြန်မာပဋိပက္ခမှ သက်ဆိုင်သူအားလုံးနှင့် သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေးနွေးနေသည်မှာ လအတန်ကြာပြီ ဖြစ်သည်။

၂၀၂၁ နှောင်းပိုင်းမှစကာ အာဆီယံသည် အဆင့်မြင့် အစည်းအဝေးများ၌ စစ်ကောင်စီအား တက်ရောက်ခွင့် တားမြစ်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/myanmar-shadow-govt-welcomes-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required