သန္ဓေပင်တိုးဂိတ်အား JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြော

By ဂန္ဒမာ(မဇ္ဈိမ)
10 May 2023
သန္ဓေပင်တိုးဂိတ်အား JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြော

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ သန္ဓေပင်တိုးဂိတ်အား မေလ ၄ ရက် နံနက်ပိုင်းက JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းကို တပ်ဖွဲ့တာဝန်ခံ၏ ပြောပြချက်အရသိရသည်။

“မနက်စောကြီးထဲက ပစ္စည်းသွားချခဲ့တယ်၊ ဖြစ်ချင်တော့ အဲ့နေ့က ၇နာရီကျော်ထဲက အရပ်ဝတ်တွေက ရောက်ပြီး ငွေတောင်းနေတာ၊ စခ(စကစတပ်သား) ရခ(ရဲတပ်သား) ဘဲဥ(ယဥ်ထိန်းရဲ) တွေက မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာ နှစ်ဖက်လုံးပေါ့။ အရင်ရက်တွေကတော့ ပေါက်ကွဲမှု ဖြစ်တဲ့ အပင်နားမှာပဲ တစ်စုတည်းရှိတယ်။ အဲ့နေ့က စောစောလည်းရောက်လာတယ်။ နှစ်ဖက်ခွဲ လိုက်တယ်။ အာ့ကြောင့် မစ်ရှင် စောသွားတာပါ။” ဟု ၎င်းတို့အဖွဲ့နှစ်ဖွဲ့ မြေပြင်တွင် အမှန်တကယ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်ပုံစံကို တပ်ဖွဲ့တာဝန်ခံ Seven က မဇ္ဈိမ ကို ပြောသည်။ 

သန္ဓေပင်တိုးဂိတ်ကို တိုက်ခိုက်ရန် မြေပြင်တွင် DSRBနှင့် JUGF အဖွဲ့တို့မှ ဧပြီလ လဝက်ထဲက ကြိုတင်စီရင်ဆောင်ရွက်၍ နေရာများရွေးချယ်ထားပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven က  ပြောသည်။

 တိုက်ခိုက်ရခြင်းမှာလည်း နယ်မြေခံသတင်းများအရ အဆိုပါဂိတ်တွင်ရှိသော စစ်ကောင်စီတပ်သား၊ ရဲနှင့် အရပ်ဝတ်များသည် ပြည်သူများနှင့် ကုန်ကားများထံမှ ငွေညှစ်တောင်းခံခြင်းများပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း တပ်ဖွဲ့တာဝန်ခံကဆိုသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်ခြင်းကို မှော်ဘီတော်လှန်ရေးအင်အားစုမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်လာသည်မှာ မဟုတ်မှန်ကြောင်း JUGF အဖွဲ့တာဝန်ခံက ထပ်ဆင့်ရှင်းပြသည်။

“သူတို့(Hmawbi Revolution Force)ကို လှူနေကျ အလှူရှင်တွေကလည်း Justice Urban Guerilla Force FB Page မှာလာမေးကြတယ်။ ကျွန်တော်တို့မစ်ရှင်ကို သူတို့ခိုးယူဖော်ပြတယ်ဆိုတာ ဘာလို့ပြောနိုင်တာလဲဆို ကျွန်တော်တို့မှာ မစ်ရှင်နဲ့ပတ်သက်တဲ့ အချက်အလက် ရှိထားလို့ပါ။ ကျွန်တော်တို့မစ်ရှင်ကို ကူးယူဖော်ပြထားပြီး အလှူခံနေတာ။ ဒါကို မဟာမိတ်ခေါင်းဆောင်က ပို့လာလို့ သိရတာ။ သူတို့နောက်ကြောင်းကို လိုက်တော့ ပထမတစ်ခါ လေကြောင်းမစ်ရှင်ကိုလည်း ကူးယူထားမှုရှိခဲ့တယ်ဆိုတာ Rangoon Scout Network (RSN) ထံက သိရှိထားပါတယ်။ နောက်ထပ် ကူးယူးထားတာတွေလည်း သိရှိထားပါတယ်။” ဟု  DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven က မဇ္ဈိမ ကိုဖြေကြားသည်။ 

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်ရှိ သန္ဓေပင်တိုးဂိတ်အား မေလ ၄ ရက် နံနက် ၇ နာရီ ၄၃ မိနစ်က Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အဖွဲ့တို့မှ အဝေးထိန်းဗုံးဖြင့် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 အဆိုပါ တိုက်ခိုက်မှုကိုပင် မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မှော်ဘီတော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။ 

မှော်ဘီတော်လှန်ရေးအင်အားစု၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Hmawbi Revolution Force အဖွဲ့ကို မဇ္ဈိမအနေဖြင့် မေလ ၈ ရက်နေ့ကစတင် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ပေချ့်တွင် နောက်ဆုံး တင်ထားသည့် ပိုစ့်မှာလည်း မေလ ၄ ရက်နေ့က ဖြစ်ကြောင်း တွေ့ရှိရသည်။ 

“မေလ ၄ရက်နေ့ ၈နာရီနောက်ပိုင်း ခေတ်သစ်ရဲ့ နယ်မြေခံ သတင်းအရင်တက်တယ်။ ပြီးတော့ မှော်ဘီတော်လှန်ရေးအင်အားစုအဖွဲ့က သူတို့လုပ်တာပါဆိုပြီး ၄ရက်နေ့ မနက် ၈နာရီနဲ့ ၉နာရီကြားမှာပဲ ထုတ်ပြန်ထားတာတွေ့ရတယ်။ အဲ့ထုတ်ပြန်ချက်ပါ အကြောင်းအရာ နဲ့ အချိန်ဟာ ​ကျွန်တော်တို့အချက်အလက်နဲ့ရော ခေတ်သစ်ကတင်တဲ့ နယ်မြေခံအချက်အလက်နဲ့ရော လွဲနေပါတယ်။” ဟု DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven က ဆက်ပြောသည်။ 

အဆိုပါအငြင်းပွားဖွယ်ရာ မစ်ရှင်ကိစ္စအား မေလ ၅ ရက်နေ့တွင် Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အဖွဲ့တို့မှ မြေပြင်မဟာမိတ်အဖွဲ့များ၏ ပြောပြချက်များ၊ သတင်းဌာနများ၊ ထောက်ပို့များ၏ ပြောပြချက်အရ ပြန်လည်သိရှိခဲ့ပြီး အကြောင်းအရာများကို ကိုယ်တိုင် သတင်းထောက်လှမ်းမှုများပြုလုပ်ရင်း စုံစမ်းသိရှိကြောင်း ၎င်းကပြောသည်။ 

JUGF နှင့် DSRB အဖွဲ့များမှလည်း မှော်ဘီတော်လှန်ရေးအင်အားစုအား မေးမြန်းပြီး မျက်နှာစုံညီဖြေရှင်းရန် တိုက်တွန်းထားသော်လည်း ၎င်းတို့ကို တိုက်ခိုက်လိုသဖြင့် ယခုလို ပြောဆိုခြင်းဖြစ်သည့်ပုံစံဖြစ်သာ ပြန်လည်ဖြေကြားကြောင်း အွန်လိုင်းတွင် နှစ်ဖက်အဖွဲ့ စာပို့ပြောဆိုထားသည့် screenshot အထောက်အထားများဖြင့် ပြောသည်။ 

Dark Side Revolution Burma (DSRB) သည် ၂၀၂၁ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင်ပကဖ အထူးတပ်ဖွဲ့အနေဖြင့်လုပ်ဆောင်လာကာ ရန်ကုန်တိုင်းရှိ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် မစ်ရှင်များဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား အဓိက တိုက်ခိုက်သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလထိ မစ်ရှင် အကြိမ် ၂၀ ထက်မနည်း ဖော်ဆောင်ထားကြောင်းလည်း ပြောသည်။ Justice Urban Guerilla Force (JUGF) အဖွဲ့မှာမူ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့ကမှ စတင်ကာ တော်လှန်ရေးအတွင်းပါဝင်နေသော လူအဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဆိုသည်။ 

Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အနေဖြင့် တော်လှန်ရေးကွန်ရက်တိုင်းတွင် ချိတ်ဆက်လုပ်ဆောင်မှုများရှိထားပြီးဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း မှော်ဘီတော်လှန်ရေးအင်အားစုအား အမုန်းတရားဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အမှန်တရားဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောသည်။ ထို့အပြင် အဖွဲ့၏ မူဝါဒများအတိုင်း အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း မဇ္ဈိမ သတင်းဌာနမှ တစ်ဆင့် မိဘပြည်သူများအား အသိပေးသည်။

Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အဖွဲ့အနေဖြင့် ယခင်က မှော်ဘီတော်လှန်ရေးအင်အားစုနှင့် မစ်ရှင်အတူလုပ်ဆောင်ဖူးခြင်းမရှိသလို ယခု သန္ဓေပင်တိုးဂိတ်မစ်ရှင်ကို ကူးယူဖော်ပြထားသည်ကို မစ်ရှင်ဆောင်ရွက်သည့် နေ့မှသာ စတင်သိရှိခဲ့ကြောင်း ပြောသည်။ JUGF နှင့် DSRB အဖွဲ့အနေဖြင့် မှော်ဘီတော်လှန်ရေးအင်အားစု၏ မစ်ရှင်ကူးယူဖော်ပြမှုကို ပြန်လည်ဖြေရှင်းရန် မေလ ၄ ရက်နေ့မှစကာ မေလ ၇ ရက်နေ့အထိ အချိန်ပေးခဲ့သော်လည်း ပြန်လည်ဖြေရှင်းပေးခြင်းမရှိသဖြင့် မြေပြင်အင်အားစုများ၊ ထောက်ပို့အင်အားစုများနှင့် မီဒီယာများသိရှိနိုင်ရန် ထုတ်ပြန်ချက်ထုတ်၍ လည်းကောင်း၊ သတင်းဖြင့်လည်းကောင်း အသိပေးဖော်ပြခြင်းဖြစ်ကြောင်း ပြောသည်။ 

“မှော်ဘီ အဖွဲ့က ကျွန်တော်တို့မစ်ရှင်ကို ကူးယူထုတ်ပြန်ခဲ့ခြင်းအပြင် အရင်တုန်းကလည်း အဲ့လို ကူးယူထုတ်ပြန်ခဲ့တာရှိတယ်ဆိုတာ သိရှိရပါတယ်။ Hmawbi Revolution Force  က တာဝန်ခံ ကိုနေရောင်အား မြေပြင်အဖွဲ့တွေ ထောက်ပို့အဖွဲ့တွေမေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသလို ထိပ်တိုက်ဖြေရှင်းခြင်းလည်းမရှိပါ ။ ထို့ကြောင့် မစ်ရှင်များကူးယူဖော်ပြပြီး လိုက်ပြီးအလှူခံနေပါသောကြောင့် လှူဒါန်းနေသော ထောက်ပို့အဖွဲ့ များနှင့် အများမိဘပြည်သူများ သိရှိသတိထားနိုင်ရန် အမှန်တရားကို သတိပေး ဖော်ထုတ်​ပြောဆိုလိုက်ရပါသည်။” ဟု Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) မှ တပ်ဖွဲ့တာဝန်ခံ Seven က ပြည်သူများကို အသိပေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required