မြန်မာတွင် အကြမ်းဖက်မှုများ ရပ်စဲစေရန် အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ဖိအားပေးသင့်ဟု စင်္ကာပူဝန်ကြီး ပြော

မြန်မာတွင် အကြမ်းဖက်မှုများ ရပ်စဲစေရန် အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ဖိအားပေးသင့်ဟု စင်္ကာပူဝန်ကြီး ပြော

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းစေရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို “မြန်မြန်ဆန်ဆန်နှင့် အပြည့်အဝ” အကောင်အထည်ဖော်ဆောင်စေနိုင်ရန် အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက် ဖိအားပေးသင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာခရစ်ရှ်နန်က ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် အာဆီယံ၏ တုံ့ပြန်မှုနှင့် စပ်လျဉ်း၍ ပါလီမန်ဆိုင်ရာ မေးခွန်းတစ်ခုကို စာဖြင့် ပြန်လည် ဖြေကြားစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာတွင် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေပြီး ပိုမိုအရှိန်မြင့်လာနေစဉ် အာဆီယံခေါင်းဆောင်များဘက်က မည်သို့ ဆောင်ရွက်ရန် ရည်ရွယ်ထားသလဲ ဆိုပြီး လွှတ်တော်အမတ် ခရစ္စတိုဖာ ဒီ ဆိုဇာက မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အပါအဝင် ပြင်ပပါတနာများနှင့် အာဆီယံပြင်ပရှိ မြန်မာ၏ အိမ်နီးချင်းများအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးရန်နှင့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံနှင့်အတူ လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် ပါဝင်ဆောင်ရွက်ရန် အရေးကြီးသော အခန်းကဏ္ဍများ ရှိနေကြောင်း စင်္ကာပူဝန်ကြီးက ပြောသည်။

မည်သို့ပင် ဆိုစေကာမူ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုအတွက် အကန့်အသတ်ဖြစ်စေသော အကြောင်းအချက်မှာ အာဆီယံ သို့မဟုတ် ယင်း၏ ပြင်ပ ပါတနာများ မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်ပတ်သက်သူများ၊ အထူးသဖြင့် စစ်တပ်ပင် ဖြစ်သည်။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်တွင် မြန်မာ၌ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးရေး၊ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံဘက်မှ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် အထူးသံတမန်က မြန်မာခရီးစဉ် သွားရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး တို့ကို တောင်းဆိုသည်။

၂၀၂၃ ၊ ဧပြီ ၁၁ ရက်က မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချထားသည့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ထုတ်ပြန်ချက်ကို စင်္ကာပူက ထောက်ခံကြောင်း ဘလာခရစ်ရှ်နန်က အလေးပေး ပြောသည်။
“ဒီ ထုတ်ပြန်ချက်ကို စင်္ကာပူအနေနဲ့ ထောက်ခံတယ်။ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တဲ့ တိုက်ခိုက်မှုတိုင်းဟာ ပြစ်တင်ရှုတ်ချထိုက်ပြီး အဲဒီလုပ်ရပ်တွေကို ခွင့်လွှတ်လို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များသည် ၂၀၂၁ ၊ ဧပြီ ၂၄ ရက်က ဂျကာတာ၌ အာဆီယံခေါင်းဆောင်များ ချမှတ်ပြီး မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် လက်ခံသဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း ဘလာခရစ်ရှ်နန်က ပြောသည်။

“ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု နည်းပါးနေတာကြောင့် ၂၀၂၂ ၊ နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ခေါင်းဆောင်တွေဟာ မြန်မာစစ်တပ်ကို ရှင်းလင်းတဲ့ သဘောထားလက္ခဏာတစ်ရပ် ပြသမယ့် လုပ်ဆောင်ချက်တွေ လုပ်ဖို့ သဘောတူခဲ့ကြတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတွင် အားလုံးပါဝင်သော ဆွေးနွေးမှုကို အားပေးရန် အင်ဒိုနီးရှားကလည်း သက်ဆိုင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံထားခဲ့ကြောင်း ဘလာခရစ်ရှ်နန်က ပြောသည်။

Tatmadaw should be continue to be pressured to cease violence in Myanmar- Vivian Balakrishnan
https://www.bernama.com/en/world/news.php?id=2187657

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly