မြန်မာတွင် သံတမန်များ တိုက်ခိုက်ခံရမှုကို အာဆီယံ ပူးတွဲထုတ်ပြန်ချက်၌ ရှုတ်ချ

မြန်မာတွင် သံတမန်များ တိုက်ခိုက်ခံရမှုကို အာဆီယံ ပူးတွဲထုတ်ပြန်ချက်၌ ရှုတ်ချ

မြန်မာနိုင်ငံက နေရပ်ရွှေ့ပြောင်း ပြည်သူများအတွက် အကူအညီပေးရန် သွားရောက်သည့် ယာဉ်တန်းအား လက်နက်ကိုင် တိုက်ခိုက်မှုအပေါ် အရှေ့တောင်အာရှ ခေါင်းဆောင်များက ရှုတ်ချပြီး အကြမ်းဖက်မှုများ ချက်ချင်း ရပ်ရေးနှင့် စစ်ကောင်စီက ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရေးတို့အား ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။

အင်ဒိုနီးရှား တောင်ပိုင်း ဆိပ်ကမ်းမြို့ လာဘူအန် ဘာဂျိုတွင် နှစ်ရက်တာ ထိပ်သီးအစည်းအဝေး စတင်ရာ၌ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှ ခေါင်းဆောင်များ စုရုံးကြခြင်း ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး လေဆန်ကာလနှင့် ဒေသကို သက်ရောက်နေသော အဓိက အင်အားယှဉ်ပြိုင်မှုများကြားတွင် စည်းလုံးညီညွတ်ကြရန် အိမ်ရှင်ဖြစ်သည့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းသည်။

အဖွဲ့ဝင် မြန်မာနိုင်ငံတွင် ဖြစ်ပွားဆဲ ပဋိပက္ခများအား ဖြေရှင်းရန်အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံက ဖိအားများ ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြန်မာအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် နေရပ်ရွှေ့ပြောင်း ကျေးရွာသူရွာသားများထံ အကူအညီများ ပေးပို့မည့် အင်ဒိုနီးရှားနှင့် စင်ကာပူ သံတမန်များ လိုက်ပါလာသော ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်များက တိုက်ခိုက်ခဲ့သည်။ အဆိုပါ ယာဉ်တန်းနှင့်အတူ လိုက်ပါလာကြသော လုံခြုံရေးအဖွဲ့က ပြန်လည်ပစ်ခတ်ပြီး ယာဉ်ပျက်စီးမှု ဖြစ်ကာ တစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်း မရှိကြောင်း နိုင်ငံပိုင် MRTV ရုပ်သံက သတင်းဖော်ပြသည်။

အဆိုပါ အကူအညီ ပေးပို့ရေးကို ယခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားက စီစဉ်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း၊ ကျူးလွန်သူများ တာဝန်ခံစေရန် အလေးအနက် ဆိုကြောင်း” ဗုဒ္ဓဟူးနေ့က ပူးတွဲထုတ်ပြန်ချက်၌ အာဆီယံခေါင်းဆောင်များက ဆိုထားသည်။

အဖွဲ့ဝင် မြန်မာနိုင်ငံမှ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ထိပ်သီးအစည်းအဝေးသို့ မဖိတ်ကြားသည်မှာလည်း ဒုတိယမြောက်နှစ် ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်သည် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြုတ်ချကာ အာဏာသိမ်းလိုက်သည့်နောက် ပဋိပက္ခ အကျပ်အတည်း တစစ ယိုယွင်းဆိုးဝါးလာနေကာ ၁၉၆၇ ခုနှစ် အာဆီယံ ထူထောင်ချိန်မှစပြီး အသင်းကြီးအတွက် စိုးရိမ်စရာ အကောင်းဆုံး အကျပ်အတည်း ဖြစ်လာခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://abcnews.go.com/International/wireStory/asean-leaders-condemn-arm...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly