ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်မည်ဆိုသည့် တရုတ်၏ ကမ်းလှမ်းမှုက အများယုံကြည် လက်ခံနိုင်မှု ကင်းမဲ့နေ

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်မည်ဆိုသည့် တရုတ်၏ ကမ်းလှမ်းမှုက အများယုံကြည် လက်ခံနိုင်မှု ကင်းမဲ့နေ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဧပြီ ၂၆ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးထံ ဖုန်းဆက် စကားပြောဆိုခဲ့သည်။ ယင်းသည် ၂၀၂၂ ၊ ဖေဖေါ်ဝါရီလ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုနောက်ပိုင်း တရုတ်နှင့် ယူကရိန်း ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် ဆွေးနွေးစကားပြောဆိုခြင်း ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုတွင် ရှီက ယူကရိန်းစစ်ပွဲ အဆုံးသတ်စေရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းပြောဆိုခဲ့သည်။ “ရုရှား-ယူကရိန်းအကြား အမြန်ဆုံး အပစ်ရပ်စဲစေဖို့နဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိဖို့အတွက် ကျွန်တော့်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းသွားမယ်” ဟု ရှီက ပြောသည်။ ထို့ပြင် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ်တစ်ဦးကိုလည်း ယူကရိန်းသို့ စေလွှတ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

သို့သော် ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ပြီး ယူကရိန်းတွင် ငြိမ်းချမ်းစေရေးအတွက် ကြားဝင်စေ့စပ်မည် ဆိုသည့် တရုတ်၏ ကတိပြုမှုက အများယုံကြည် လက်ခံနိုင်မှု ကင်းမဲ့နေသည်။ တရုတ်သည် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှု တစ်လျှောက်လုံး ရုရှားဘက်မှ ပုံမှန် ရပ်တည်ပေးခဲ့ပြီး ထိုက်တန်သော ငြိမ်းချမ်းမှုတစ်ရပ် အောင်မြင်ရရှိစေရန် ရည်ရွယ်ချက် မရှိပေ။

ဇယ်လန်စကီး အစိုးရကလည်း ယင်းကို ကောင်းစွာ သိနေသည်။ မည်သို့ဆိုစေ ဖုန်းဆက်စကားပြောဆိုမှု၏ ရည်ရွယ်ချက်က ရှီနှင့် အဆက်အသွယ်တစ်ခု ထိန်းထားရန်ပင် ဖြစ်သည်။ ယင်းသည် တရုတ်ဘက်က လက်နက်အကူအညီပေးပြီး ရုရှားနှင့် ထပ်မံ မဟာမိတ်ပြု ပေါင်းစည်းမှု မရှိစေရေး တားဆီးနိုင်လိမ့်မည်ဟု ယူကရိန်းက မျှော်လင့်ထားသည်။
 
တရုတ်၏ လိမ်လည် လှည့်စားမှု
ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် တရုတ်သည် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ လုံးလုံးလျားလျား သူတော်ကောင်းဟန်ဆောင်ထားသည့် ထို အဆိုပြုချက်တွင် နှစ်ဖက်အကြား အပစ်ရပ်စဲရေးကို တောင်းဆိုထားသော်လည်း ရုရှား၏ ယူကရိန်းအပေါ် တစ်ဖက်သတ် ကျူးကျော်မှုကို ပြစ်တင်ဝေဖန်ထားခြင်း မရှိခဲ့ပေ။ ယူကရိန်းမှ ရုရှားတပ်များ ပြန်ရုပ်သိမ်းခြင်းက ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်တစ်ခု ဖြစ်သည် ဆိုသည်ကို မေ့မထားသင့်ပေ။

ရှီသည် မတ်လက ရုရှားနိုင်ငံ၊ မော်စကိုသို့ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့သည်။ သံသယရှိ စစ်ရာဇဝတ်မှုများအတွက် အိုင်စီစီက ပူတင်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့သည့်တိုင် ရှီက ထိုခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဧပြီ ၁၈ ရက်တွင်လည်း တရုတ်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးများ မော်စကိုတွင် တွေ့ဆုံပြီး စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် သဘောတူခဲ့ကြသည်။ ထို့နောက် ဧပြီ ၂၁ ရက်တွင် ပြင်သစ်ဆိုင်ရာ တရုတ်သံအမတ်၏ အပြင်းအထန် ဝေဖန်ခံရသော မှတ်ချက်များ ပေါ်ထွက်ခဲ့သည်။ ၎င်းက ယခင် ဆိုဗီယက် ပြည်ထောင်စုအောက်တွင် ရှိခဲ့သည့် ယူကရိန်းနှင့် အခြားသော နိုင်ငံများ၏ အချုပ်အချာအာဏာကို မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်သည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်မှုများဖြင့် ပိတ်ပင်တားမြစ်ခံထားရသည့် ရုရှားရေနံကို အဓိက ဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်သည် ရုရှား၏ စစ်ပွဲ တိုက်ခိုက်မှု ကြိုးပမ်းမှုကို ထောက်ကူရန် အီလက်ထရောနစ် ပစ္စည်းများကဲ့သို့ နည်းလမ်းနှစ်မျိုးသုံး စစ်ဖက်နှင့် အရပ်ဖက် ပစ္စည်းများကိုလည်း ရုရှားထံ ထောက်ပံ့ပေးသည်။ ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်တွင် တရုတ် ခဲယမ်းကျည်များ အသုံးပြုထားသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
 
တရုတ်၏ ရည်ရွယ်ချက်များ

ရှီကျင့်ဖျင် အစိုးရ၏ ငြိမ်းချမ်းရေး သဘောထားတွင် ၎င်းတို့နိုင်ငံအပေါ် နိုင်ငံတကာ၏ ထင်မြင်မှု သဘောထားကို ပြေလျော့စေရေး ဆန္ဒက စေ့ဆော်မှု ရှိပုံပေါ်သည်။ ထို့ပြင် တရုတ်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ယင်း၏ ရှိနေမှုကို တိုးမြှင့်ရန် အမေရိကန်၊ ဥရောပနှင့် ဂျပန်အကြား သဘောထားကွဲလွဲမှုဖြစ်စေရန် ကြိုးပမ်းနေသည်။

ရုရှားနှင့် စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရေး ဇယ်လန်စကီးက ရှီကို တိုက်တွန်းသည်။ ထို့ပြင် “နယ်မြေပိုင်နက်ဆိုင်ရာ အပေးအယူလုပ်ခြင်းမှတဆင့် ငြိမ်းချမ်းမှု မရရှိနိုင်” ဟု ၎င်းက ရှီကို ပြောသည်။ ထို့ပြင် ရုရှား၏ စစ်ရာဇဝတ်မှုများကို ရုံးတင်စစ်ဆေးခြင်းအားဖြင့် တရားမျှတမှု ရရှိရန် ယူကရိန်းက ဆန္ဒရှိနေသည်။

သို့သော် လက်ရှိတွင် သင့်လျော်သည့် ငြိမ်းချမ်းမှုတစ်ရပ် လက်တွေ့ဖြစ်ပေါ်လာစေရန် တစ်ခုတည်းသော နည်းလမ်းက ရုရှားစစ်တပ်အပေါ် ဆက်လက် ဖိအားပေးရန်ပင် ဖြစ်သည်။ ယူကရိန်း၏ ဖြစ်အံ့ဆဲဆဲ တန်ပြန်ထိုးစစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ထောက်ခံရန်လည်း အရေးကြီးသည်။
 
EDITORIAL | China's Offer to Broker Peace in Ukraine Lacks Credibility
https://japan-forward.com/editorial-chinas-offer-to-broker-peace-in-ukra...'s%20promise%20of%20brokering%20peace,is%20fully%20aware%20of%20this.
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required