ရေဦးမြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
10 May 2023
ရေဦးမြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောဗောဓိကျေးရွာရှိ လူထုအခြေပြု စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကျောင်းဆရာ တစ်ဦးထံမှ သိရသည်။

မေလ ၉ ရက်၊ နေ့လယ်ပိုင်း ၂ နာရီ အချိန်ခန့်တွင်ဖြစ်ပွားခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နေရာအတော်များများ ပျက်စီးခဲ့ကြောင်းဆိုသည်။

“ လေယာဉ်သတင်းကြားတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနှင့် ဆရာ၊ ဆရာမတွေကို ဘေးလွတ်ရာကို အချိန်မီရွှေ့ထားလိုက်နိုင်ခဲ့တဲ့အတွက် အထိအခိုက်မရှိခဲ့ပါဘူး” ဟု ဒေသခံ ကျောင်းဆရာကပြောသည်။

လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့သည့် Rocket အချို့မှာ ရွာအတွင်းကျရောက်ကာ ကောက်ရိုးပုံများ မီးလောင်သည့်အပြင် နွားနှစ်ကောင်ပါ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါလူထုအခြေပြု စာသင်ကျောင်းတွင် ဆရာ၊ ဆရာမ ၃၀ ကျော်မှဦးဆောင်၍ စာသင်ကြားပေးနေသည့်  ကျောင်းသား ဦးရေ ၃၀၀ ကျော် ရှိကြောင်းသိရသည်။

“ စစ်တပ်က ဘာပဲလုပ်လုပ် ကျနော်တို့ကတော့ ဆက်ပြီး ဆန့်ကျင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဘေးကင်းဖို့အရေးတော့ အမြဲခေါင်းထဲမှာ ထည့်ထားပါတယ်။ ကျနော်တို့ကလည်း PDF တွေလို သေနတ်ကိုင်ပြီး တိုက်ပွဲတွေမလိုက်နိုင်ပေမဲ့ မြေဖြူကိုင်ပြီး ကျရနေရာကနေ တော်လှန်ရေးမှာပါဝင်နေမှာပါ” ဟု စာသင်ကြားပေးနေသည့် ဆရာတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က စာသင်ကျောင်း ၊ ဆေးရုံများကို ပစ်မှတ်ထားကာ လေကြောင်းသုံး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး လွန်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရပြီး ကျောင်းသားအရွယ် ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly