ပညာရေးဆိုင်ရာ အဆောက်အဦများတွင် သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မည့် မူဝါဒကို NUCC အတည်ပြု

By မိုးသောက် (မဇ္ဈိမ)
09 May 2023
ပညာရေးဆိုင်ရာ အဆောက်အဦများတွင် သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မည့် မူဝါဒကို NUCC အတည်ပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မတ်လ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆိုင်ရာမူဝါဒများ ထုတ်ပြန်ချက်တွင် အခြေခံပညာကျောင်းများ၊ သက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများအားလုံးတွင် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ နှင့် ဝန်ထမ်းသမဂ္ဂများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြထားသည်။

ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ဝန်ထမ်းသမဂ္ဂများသည် မိမိတို့၏ ဖွဲ့စည်းပုံ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ကိုယ်တိုင်ရေးဆွဲပြီး သမဂ္ဂ အမှုဆောင်များကို ဒီမိုကရေစီနည်းအရ အဆင့်ဆင့် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း မူဝါဒတွင် ထည့်သွင်းထားသည်။

သမဂ္ဂအဆောက်အဦများကိုလည်း ပညာရေးအဆောက်အဦများတွင် ထည့်သွင်းထားရှိသွားမည်ဟု NUCC က ဆိုသည်။

ပညာရေးဥပဒေတွင် ထိုသို့ထည့်သွင်းထားမှုအပေါ် ကြိုဆိုကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ပြောခွင့်ရသူ ကိုမင်းဟန်ထက် မဇ္ဈိမသို့ ပြောသည်။

"ကျောင်းသား သမဂ္ဂတွေ အနေနဲ့ သူရှိနေတဲ့ ခေတ်ရဲ့ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်တဲ့သူတွေက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တရားဝင်တယ်လို့ သတ်မှတ်သည်ဖြစ်စေဦး မဝင်ဘူးလို့ သတ်မှတ်သည်ဖြစ်စေ၊ ကျောင်းသား သမဂ္ဂတွေက ဖွဲ့စည်းဆောင်ရွက်ကြရတာပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ တရားဝင်မှုက အုပ်ချုပ်သူဆီကနေ လာတာမဟုတ်ဘဲနဲ့ ကျောင်းသားထုဆီက လာတာဖြစ်တယ်၊ အဲ့တော့ ကျောင်းသားသမဂ္ဂတွေ ရပ်တည်နိုင်ခြင်းဆိုတာက အစိုးရက အသိအမှတ် ပြုပေးခြင်းအပေါ်မှာတော့ အများကြီးတော့ မမှုတည်ဘူးပေါ့ဗျာ" ဟု တကသများ-ရန်ကုန်က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောသည်။

ယခင်ကပညာရေးဥပဒေများတွင် သမဂ္ဂများဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တရားဝင်ပြဋ္ဌာန်းပေးမှု မရှိခဲ့ပေ။

လက်ရှိမှာ NUCC က ထုတ်ပြန်သည့် ပညာရေးမူဝါဒတွင် သမဂ္ဂများ အခန်းကဏ္ဍ ပါဝင်လာသည့်အပေါ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မှတ်ချက်ပေးစရာမရှိသေးကြောင်း မဇ္ဈိမသို့ ပြောသည်။

NUCC က အတည်ပြုလိုက်သော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆိုင်ရာ မူဝါဒများတွင် ဆရာနှင့် ကျောင်းသား သမဂ္ဂများသည် ပညာရေးကောင်စီ အဆင့်ဆင့်အလိုက် ထည့်ဝင်ဖွဲ့စည်းရမည်ဟု ရေးသားထားသည်။

၎င်းတို့သည် ပြည်နည်နှင့် ဖက်ဒရယ်ပြည်ထောင်စုအဆင့် အဖွဲ့ချုပ်များကိုလည်း ဖွဲ့စည်းနိုင်ပြီး ကိုယ်စားလှယ်မျာသည် သက်ဆိုင်ရာ ပညာရေးကောင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

Photo-ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#သမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းနိုင်မည်

#NUCC

#ဖက်ဒရယ်ဒီမိုကရေစီပညာရေးဆိုင်ရာမူဝါဒ

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly