က၀မြို့တွင် လူငယ် ၂ ဦးအပါအ၀င် ပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးရာ၊ ၁၂ ရက်ကျော်ကြာသည်အထိ အဆက်အသွယ်မရ

By ရောင်နီ (မဇ္ဈိမ)
09 May 2023
က၀မြို့တွင် လူငယ် ၂ ဦးအပါအ၀င် ပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးရာ၊ ၁၂ ရက်ကျော်ကြာသည်အထိ အဆက်အသွယ်မရ

ပဲခူးတိုင်း၊ က၀မြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ် နှစ်ဦးအပါအ၀င် ဒေသခံပြည်သူ ရှစ်ဦးကို အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

က၀မြို့နယ်၊ သက္ကလမြို့၊ မုဒုကျေးရွာအနီးတွင် တည်ရှိသည့် ကြက်ခြံတစ်ခြံကို ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ၀င်ရောက်စီးနင်းပြီးနောက် ကြက်ခြံတွင်ရှိနေသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ကာ သက္ကလရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“ ဧပြီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီ ၀န်းကျင်အချိန်လောက်မှာ ဖြစ်တာပါ။ က၀မြို့နယ် မုဒုကျေးရွာအနီးက ကြက်တဲတစ်တဲမှာ နေတဲ့ လူငယ်နှစ်ဦးကို စစ်တပ်က ၀င်ဖမ်းသွားတာ ဖြစ်ပါတယ်။ ဖမ်းခံရတဲ့ လူငယ်နှစ်ဦးလုံးက အသက် ၂၅ နှစ်၀န်းကျင်တွေပါ” ဟု သတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးမှာ က၀မြို့နယ် အမှတ် (၁ )ရပ်ကွက်တွင် နေထိုင်သည့် ကိုခန့်ဦးကိုနှင့် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ကိုဖြိုးဝေကျော်တို့ နှစ်ဦး ဖြစ်သည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က မည့်သည့်အတွက်ကြောင့် ဖမ်းဆီးသွားကြောင်း မသိရသေးသော်လည်း လက်ရှိအချိန်တွင် တပ်မ (၇၇) စစ်ကြောရေးတွင် စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် သူတို့ကို တပ်မ (၇၇) က စစ်ကြောရေးမှာ စစ်နေတယ်ဆိုတာပဲ သိရတယ်။ ကျန်တာ အဆက်အသွယ်မရသေးဘူး။ မိသားစုကိုလည်း အကြောင်းကြားတာ မရှိဘူး။ တစ်ဆင့်စကားနဲ့ပဲ မိသားစုတွေက သူတို့တွေ အဖမ်းခံရတယ်ဆိုတာ သိကြတာ။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ လူငယ်နှစ်ယောက်ကို ၀င်ရောက်မဖမ်းဆီးခင်အချိန်ကလည်း စစ်ကောင်စီတပ်က မုဒုကျေးရွာအတွင်းရှိ အရပ်သားပြည်သူများကို ရိုက်နှက်စစ်မေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူခြောက်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ လူငယ်နှစ်ဦးအပြင် မသင်္ကာလို့ ဆွဲဖမ်းတဲ့ ပုံစံမျိုးနဲ့ မုဒုကျေးရွာသား ခြောက်ဦးကိုလည်း အဲ့နေ့မှာပဲ စစ်မေးတာတွေလုပ်ပြီး တစ်ခါတည်း ဖမ်းသွားတယ်။ သူတို့ရဲ့ အချက်အလက်တွေကတော့ အသေးစိတ်မသိရသေးဘူး” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လူငယ်နှစ်ဦးအပါအ၀င် ပြည်သူရှစ်ဦးကို ဖမ်းဆီးသွားသည်မှာ ၁၂ ရက် ကြာမြင့်နေပြီဖြစ်ပြီး အဆက်အသွယ်တစ်စုံတစ်ရာမရရှိသည့်အတွက် မိသားစု၀င်များက အသက်အန္တရာယ်စိုးရိမ်နေကြကြောင်း ၎င်းကဆိုသည်။

ပဲခူးတိုင်း က၀မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ကာ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြို့ပေါ်နေရာများတွင်သာမက ကျေးရွာများအထိပါ ဆိုင်ကယ်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများကြောင့် ပြည်သူများ သွားလာရေးတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ခြိမ်းခြောက်

#က၀မြို့နယ်

#စစ်ကောင်စီတပ်

#လူငယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly