ရေဖြူမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်သားများက အမျိုးသမီးအများစုပါတဲ့ ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထား

By ကိုရွှေမြိတ် (မဇ္ဈိမ)
09 May 2023
ရေဖြူမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်သားများက အမျိုးသမီးအများစုပါတဲ့ ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် အတွင်းသို့ ယမန်နေ့ မေလ ၈ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အမျိုးသမီးများ အများစုပါဝင်သည့် ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသည့် ဒေသခံ ၃၀ ဦးကျော်ကို ရေဖြူမြို့နယ် ခမောင်းချောင်းရွာရှိ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နေ ဒေသခံ တစ်ဦးက “ဖမ်းခံရတာတော့ ဟုတ်တယ်၊ ပြန်လွတ်တယ် မလွတ်သေးဘူး ဆိုတာ တိတိကျကျ မသိရှိရသေးဘူး”ဟု ပြော သည်။

စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၅၀ နီးပါးရှိ စစ်ကောင်စီ တပ်ဖွဲ့ သည် ခမောင်းချောင်းရွာက ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထား၍ ရွာထဲရှိ ဒေသခံ အချို့မှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေတာကြောင့် ရွာထဲမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ သတင်း အရင်းမြစ်များထံမှ သိရသည်။

“အရင်ကတော့ စစ်တပ်က ရွာထဲ ဝင်လာရင် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်၊ အခုလည်း တိုက်ပွဲ မဖြစ်ဘဲ ရောက်လာတော့ ကြောက်နေရတယ်”လို့ ခမောင်းချောင်းရွာခံ တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရငဲနှင့် ဝဲရစ်ကျေးရွာဘက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးစဉ် ဒေသခံ ၁၀၀ နီးပါကို ဖမ်းဆီးထားပြီး နှစ်ရက်အကြာမှာ ပြန်လွှတ်ပေးကာ စစ်ကြောင်းပြန် ဆုတ်သွားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်ဖွဲ့

#စစ်ကြောင်းထိုး

#ရေဖြူမြို့နယ်

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly