တရုတ်က စစ်ကောင်စီကို ဂယ်ပေါက်ဟပေးတာလား | သတင်းသုံးသပ်ချက်

တရုတ်က စစ်ကောင်စီကို ဂယ်ပေါက်ဟပေးတာလား | သတင်းသုံးသပ်ချက်

စစ်ကောင်စီ အဓမ္မအာဏာသိမ်းပြီး နှစ်နှစ်ကျော် ကြာလာချိန်မှာ တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခပ်စိတ်စိတ် အသံထွက်လာတာ တွေ့ရပါတယ်။

အစောပိုင်းကာလက စစ်ကောင်စီနဲ့ သံတမန်ရေးအရ ခပ်ကျဲကျဲ ဆက်ဆံခဲ့တဲ့ တရုတ်ဟာ အမျိုးသားညီညွတ်ရေး အစိုးရရုံး ဝါရှင်တန်မှာ ဖွင့်ပြီး နောက်ပိုင်း မြန်မာပြည်ဆိုင်ရာ အထူးသံတမန် အပြောင်းအလဲလုပ်ခဲ့ပြီး မြန်မာပြည်အရေးကို ကြားဝင် ဆောင်ရွက်လိုတဲ့ အပြုအမူတွေ ပြလာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်ရဲ့ ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းဖို့အတွက် အရေးတကြီး လိုအပ်ချက် ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ငြိမ်းချမ်းရေးဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ တိုက်ရိုက် အချိုးကျ နေလို့ပါပဲ။ အများသိကြတဲ့အတိုင်း မြန်မာပြည်ထဲမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တင်းကြမ်းပြည့် ရှိနေတာပါ။ မြန်မာပြည် မငြိမ်းချမ်းရင် သူ့ရဲ့ စီးပွားရေးကို တိုက်ရိုက်ထိခိုက်မယ်ဆိုတာ တရုတ်က စဉ်းစားထားပြီးသား ဖြစ်ပါတယ်။

တရုတ်ဟာ ကာလကြာရှည် ဆွေမျိုးပေါက်ဖော်ဖြစ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကိုလည်း ဆက်ထိန်းထားသလို၊ တဖက်ကလည်း စစ်ကောင်စီက အကြမ်းဖက်သမားလို့ ကြေညာထားပြီး ပြည်သူကထောက်ခံတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်မယ့်မြင်းကိုပဲ လောင်းလေ့ရှိတဲ့ တရုတ်အနေနဲ့ တဖက်ဖက်မှာ ပြောင်ပြောင်တင်းတင်း မရပ်သေးဘဲ၊ နှစ်ဖက်ခွထိုင်ပြီး အခြေအနေကို စောင့်ကြည့်နေတဲ့သဘော ရှိပါတယ်။

မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ တရုပ်ရဲ့ မူဝါဒက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းကို သွားစေချင်တာ အထင်အရှားပဲ ဖြစ်ပါတယ်။

တရုတ်ထိပ်တန်းအရာရှိတွေ နေပြည်တော် လာခဲ့ပြီးတဲ့နောက်မှာ မြန်မာစစ်ကောင်စီက ထွေထွေထူးထူး သတင်းမထုတ်ပြန်ပေမယ့် တရုတ်ဖက်ကတော့ ဘာတွေပြောခဲ့တယ်၊ ဘာဖြစ်စေချင်တယ်ဆိုတာ သူ့နိုင်ငံရဲ့ သတင်းဌာနတွေက တဆင့်ထုတ်ပြန်ခဲ့တာပါ။ အဲဒီအထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရကိုပါ ဆွေးနွေး ပြောဆိုစေချင်တယ် ဆိုတာ ပါပါတယ်။

ဧပြီလနှောင်းပိုင်းမှာ တရုတ်ထိပ်တန်းအရာရှိနှစ်ဦး နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို၊ တပ်ချုပ်ဟောင်းဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုပါ တွေ့ဆုံခဲ့တယ်လို့ တရုတ် သတင်းဌာနတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလို မြန်မာပြည်က ခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့တာဟာ ထူးခြားမှုတစ်ခုလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တွေက ဆိုကြပါတယ်။

လက်ရှိစစ်ကောင်စီ ခေါင်းဆောင်အပေါ်မှာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်၊ အထူးသဖြင့် ဦးသန်းရွှေက သြဇာ သက်ရောက်ဆဲမို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖျောင်းဖျဖို့ တရုတ်ခေါင်းဆောင်တွေ ဦးသန်းရွှေကို သွားတွေ့တာဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

နောက်တစ်ခုထူးခြားတာကတော့ ဘန်ကီမွန်းအပါအဝင် သံတမန်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ နိုင်ငံရေး အကျဉ်းသားတွေချည်း သက်သက် ၂၀၀၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးခဲ့သလို၊ သေဒဏ်ကျ အကျဉ်းသား ၃၈ ဦးကိုလည်း တစ်သက်တစ်ကျွန်းဒဏ် ပြောင်းလဲ သတ်မှတ်ခဲ့ပါသေးတယ်။ 

စစ်အာဏာရှင် အဆက်ဆက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတကာ အကျပ်အတည်းကနေ သက်သာဖို့ အသုံးချနေကျ ဖြစ်ပါတယ်။ တနည်းပြောရရင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲထားပြီး အကျပ်အတည်းဆိုက်တဲ့အချိန်မှာ နည်းနည်းစီခွဲ လွှတ်ပေးတာ ဖြစ်ပါတယ်။ 

မစ္စတာ ဘန်ကီမွန်း၊ တရုတ်ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာ စစ်ကောင်စီ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်တာဟာ တိုက်ဆိုင်မှု မဟုတ်တာ သေချာပါတယ်။  

ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်ဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တိုးတက်အောင်မြင်မှုနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ နီးစပ်မှုကို မျက်ခြေမပြတ်သလို၊ သူ့မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ထွက်ပေါက်ဖွင့်ပေးချင်ပုံ ရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဟန်ပြလွှတ်ပေးနေပေမယ့် စစ်ကောင်စီဟာ တချိန်တည်းမှာ လူသတ်၊ ဖမ်းဆီး၊ မီးရှို့၊ လေကြောင်းက ဗုံးကြဲပြီး ပြည်သူတွေကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်နေတဲ့ အကြမ်းဖက်သမားအုပ်စုသာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးဖို့ဆိုတာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေပါတယ်။

မြန်မာပြည်သူတွေ လိုလားတာက စစ်ကောင်စီကို ထွက်ပေါက်လုံးဝမရှိအောင်လုပ်၊ အမြစ်ကဆွဲနုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ဖို့သာဖြစ်ပါတယ်။ 

တရုတ်ရဲ့ ကြားဝင်မှုက နိုင်ငံတကာမျက်နှာစာမှာ ချောင်ပိတ်မိနေတဲ့ အကြမ်းဖက်သမားတွေကို ဂယ်ပေါက် ဟပေးချင်နေတာ အထင်အရှားပဲ ဖြစ်ပါတယ်။ တရုတ်ဟပေးတဲ့ ဂယ်ပေါက်ကနေ စစ်ကောင်စီ ရအောင် ထွက်နိုင်မှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly