အာစင်ဝင်းဂါးကို အာဆင်နယ်လိုအပ်ကြောင်း ဒုတိယ ရှယ်ယာအများဆုံးပိုင်ရှင် အူစမာနော့ဗ် ပြော

အာစင်ဝင်းဂါးကို အာဆင်နယ်လိုအပ်ကြောင်း ဒုတိယ ရှယ်ယာအများဆုံးပိုင်ရှင် အူစမာနော့ဗ် ပြော

မတ် ၂၆၊ လန်ဒန် ။              ။ အာဆင်နယ်အသင်း၏ ရှယ်ယာများကို ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် ရုရှသူဋ္ဌေး အူစမာနော့ဗ်က အာဆင်နယ်အသင်းအနေဖြင့် နည်းပြ အာစင်ဝင်းဂါးကို လိုအပ်ကြောင်းနှင့် ဝင်းဂါး အသင်းမှ ထွက်ခွာမည်ဟု ဆုံးဖြတ်ခဲ့ပါက နည်းပြသစ်ရွေးချယ်ရေးအစီအစဉ်တွင် ၎င်းကို ပါဝင်စေသင့်ကြောင်း ပြောဆိုလိုက်သည်။

'အာစင်ဝင်းဂါးကို အသင်းရဲ့ အဓိကနေရာ၊ အရေးပါတဲ့ အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိသွားမှာပါ' ဟုအူစမာနော့ဗ်က ပြောသည်။ သို့သော် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်ဖလားရရန် ရုန်းကန်နေရခြင်းနှင့် ကာလကြာရှည်စွာ အမှတ်ပေးချန်ပီယံဆုနှင့် လွဲချော်နေခြင်းအတွက် စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှ ခြောက်နှစ်ဆက်တိုက် ထွက်ခွာခဲ့ရသလို အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း ဝက်ဖို့ဒ်ကို ရှုံးကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထို့အပြင် ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၁ မှတ်အထိကွာဟနေပြီး အဆင့်သုံးတွင် ရပ်တည်နေသည်။

ထို့ကြောင့် နည်းပြအာစင်ဝင်းဂါးကို အသင်းပရိသတ်အချို့က အသင်းမှထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။

'အာစင်ဝင်းဂါးက ထိပ်တန်းနည်းပြ တစ်ဦးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ သူအသင်းက ထွက်ခွာဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်တဲ့ အချိန်မှာ သူ့နေရာကို ဆက်ခံမယ့် နည်းပြရွေးချယ်ဖို့ အာဆင်နယ်အသင်းက ဝင်းဂါးကို အခွင့်အရေးပေးမှာပါ။ အာဆင်နယ်အသင်းအနေနဲ့ အာစင်ဝင်းဂါးကို လိုအပ်ပါတယ်' ဟု အူစမာနော့ဗ်က ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly