ပြင်ဦးလွင်က စစ်မှုထမ်းဟောင်း ရပ်ကွက်ကို စစ်ကောင်စီ ဖျက်ခိုင်း

By 007 (မဇ္စျိမ)
08 May 2023
ပြင်ဦးလွင်က စစ်မှုထမ်းဟောင်း ရပ်ကွက်ကို စစ်ကောင်စီ ဖျက်ခိုင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်မှုထမ်းရဲမှုထမ်းဟောင်းများနေထိုင်သော တောင်ရတနာရပ်ကွက်က လူနေအိမ်များအား စစ်ကောင်စီက သတ်မှတ်ရက်အတွင်း အပြီးဖယ်ရှားရှင်းလင်းခိုင်းနေကြောင်း ရပ်ကွက်တွင် နေထိုင်သူများက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ (မေ ၈ ရက်) အပြီးဖျက်ခိုင်းလို့ ဖျက်နေကြရတယ်၊ တစ်ရပ်ကွက်လုံး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ပေါ့ဗျာ၊ ရပ်ကွက်မဖျက်ဖို့ အသနားခံစာတင်ထားတုန်း၊ ဇွတ်၀င်ဖျက်မယ်လုပ်လာလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖျက်နေကြရတာပါ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ဖျက်သိမ်းခိုင်းသော ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၇)၊ တောင်ရတနာရပ်ကွက်သည် စစ်မှုထမ်းဟောင်းများ၊ ရဲ၀န်ထမ်းဟောင်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းဟောင်းနှင့် လက်ရှိ၀န်ထမ်းများ အပါအ၀င် အခြေခံလူတန်းစားများ နှစ်ပေါင်း ၄၀ နှင့်အထက် နေထိုင်လာကြသော ရပ်ကွက်တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာကို မီးရထားပိုင် မြေနေရာဟု အကြောင်းပြကာ စစ်ကောင်စီက ဖယ်ရှားရှင်းလင်းခိုင်းခြင်းဖြစ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

“ကျူးကျော်တွေမဟုတ်ဘူးဗျ၊ ခုတ်ထွင်ရှင်းလင်းနေထိုင်သူတွေမဟုတ်ဘူး၊ စစ်မှုထမ်းဟောင်းတွေ၊ ရဲ၀န်ထမ်းဟောင်းတွေ၊ ဌာနဆိုင်ရာ၀န်ထမ်းဟောင်းတွေ လက်ရှိတာ၀န်ထမ်းဆောင်ဆဲ ၀န်ထမ်းတွေနဲ့ အခြေခံလူတန်း စားတွေ စနစ်တကျရပ်ကွက်ဖွဲ့ပြီး အစဉ်အဆက်နေလာတာပါ၊ နို့တစ်စာသုံးကြိမ်ပို့ပြီးပြီဆိုပြီး အတင်းဖျက်ခိုင်း တာပါ၊ တကယ်က နို့တစ်စာ တစ်ခါပဲရဖူးတယ်၊ မနှစ်က (၂၀၂၂ ခုနှစ်) တစ်ခါပဲ ရဖူးတယ်” ဟု အိမ်ဖယ်ရှားရှင်းလင်းခံရသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့် ယင်းရပ်ကွက်အား မြန်မာ့မီးရထားပိုင်မြေနှင့် မလွတ်ဟုဆိုကာ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ဖယ်ရှားခိုင်းခဲ့ရာ ရပ်ကွက်နေ ပြည်သူများက အသနားခံစာတင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါမြေနေရာသည် မြန်မာ့မီးရထားသံလမ်း နယ်နိမိတ်နှင့် ဝေးကွာကြောင်း၊ ဘူတာရုံနှင့်လည်း ကိုက် ၅,၀၀၀ ခန့် ကွာဝေးကြောင်း၊ ကိုယ်ထူကိုယ်ထလမ်းများ ခင်းထားပြီး လျှပ်စစ်မီးသွယ်တန်းနှင့် ခြံ၀င်း ပုံစံများဖြင့် စနစ်တကျဖွဲ့စည်းထားကြောင်းနှင့် ပုံစံ (၁၀) အိမ်ထောင်စုစာရင်း တရား၀င်ကိုင်ဆောင်ပြီး နေထိုင်ကြခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် လူနေအိမ်များကို ကျူးကျော်ဆိုသည့် ခေါင်းစဉ်အောက်တွင် စစ်ကောင်စီက ဖယ်ရှားရှင်းလင်းမှုများ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ပြင်ဦးလွင်

#စစ်မှုထမ်းရပ်ကွက်

#ကျူးဖျက်ခိုင်း

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly