မြန်မာ့အရေးမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုပွဲထုတ်လာတဲ့တရုတ် (ဆောင်းပါး)

By ဓားရိုင်း
08 May 2023
မြန်မာ့အရေးမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုပွဲထုတ်လာတဲ့တရုတ် (ဆောင်းပါး)

တရုတ်ထိပ်တန်းအရာရှိနှစ်ဦး နေပြည်တော်ကိုရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံသွားခဲ့တာ ထူးခြားနေပါတယ်။ တရုတ်ထိပ်တန်းအရာရှိနှစ်ဦး ရဲ့ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသားတချို့ကို အာဏာသိမ်း စစ်ကောင်စီ ပြန်လွှတ်ပေးခဲ့တာဟာ တိုက်ဆိုင်မှု တော့မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့နယ်ရုပ်တွေအဖြစ် အမြဲတမ်းအသုံးချလေ့ရှိတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ဖိအားတွေ ကျော်လွှားဖို့ အခက်အခဲကြုံလာချိန်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကိုခုတုံးလုပ်ပြီး အကန့်အသတ် နဲ့ ပြန်လွှတ်ပေးလေ့ရှိတာဖြစ်ပါတယ်။ အခုလည်း The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ချုပ် ပင်ရှိုဘင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ရဲ့ မြန်မာပြည်ခရီးစဉ်တွေအပြီးမှာ စစ်ကောင်စီအနေနဲ့ လုပ်ကွက်တစ်ခုထုတ်ပြလာခဲ့တာလို့ ထင်ပါတယ်။ အထူးသဖြင့် တရုတ်ထိပ်တန်းအရာရှိနှစ်ဦးရဲ့ နေပြည်တော် ခရီးစဉ်အပြီးမှာ စစ်ကောင်စီဘက်က အခုလိုတုံ့ပြန်ပြခဲ့တာဟာ ထူးခြားနေခဲ့တာအမှန်ပါပဲ။ တရုတ်ကွန်မြူနစ် ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင် ဟာ ဧပြီ ၁၆ ရက်ကနေ ၁၉ ရက် အထိ မြန်မာြပည်ကို ၄ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန် တို့နဲ့ တွေ့ဆုံခဲ့သွားတာပါ။ အဲဒီနောက် မေလ ၂ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နေပြည်တော်ကို လာရောက်ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေအပြင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့ ထပ်မံသီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မစ္စတာ ချင်ကန်းရဲ့ နေပြည်တော် ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုပ်ထိပ်တန်း သံတမန် တစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။ မစ္စတာ ချင်ကန်းဟာ မြန်မာပြည်မလာခင် ဘေဂျင်းမှာ ကုလသ မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံအပြီး “တင်းမာမှုမြင့်မားတာကိုတားဆီးပြီး အကျပ်အတည်း ကျယ်ပြန့်လာမှာကို တားဆီးဖို့ စဉ်းစဉ်းစားစား ဆင်ဆင် ခြင်ခြင် လက်တွေ့ကျကျ လုပ်ဖို့လိုတယ်” ဆိုပြီး ပြောထားခဲ့တာပါ။ အာဏာသိမ်းစစ်ခါင်းဆောင်နဲ့တွေ့ဆုံရာမှာ လည်း မစ္စတာ ချင်ကန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မြှင့်တင်ရာမှာ ကွဲပြားမှုတွေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အောက်ကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းဖို့ တိုက်တွန်းထားခဲ့တာဖြစ်ပါတယ်။ ဦးသန်းရွှေနဲ့ တွေ့ဆုံရာမှာတော့ မစ္စတာ ချင်ကန်းက “တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ သီးခြားလွတ်လပ် မှုကို ထိန်းသိမ်းကာကွယ်တာ၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းတာ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်တာတို့မှာ အပြုသဘော ပံ့ပိုးဆောင်ရွက်သွားပြီး မြန်မာ နိုင်ငံနဲ့အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ပြောခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြခဲ့တာ တွေ့ရပါတယ်။ မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟာ နှစ်နိုင်ငံ အရင်ခေါင်းဆောင်တွေတည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံခေတ်အဆက်ဆက် ခေါင်းဆောင်တွေက တွန်းအား ပေးဆောင်ရွက်ခဲ့ကြရာမှာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ စိတ်နှလုံးဝယ် စွဲမြဲစွာတည်နေတယ်လို့ ဦးသန်းရွှေက ပြန်လည်  ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

တရုတ်-မြန်မာဆက်ဆံရေးဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် အလွန်နီးစပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အရပ်သားတစ်ပိုင်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငံ့ခဲ့မှုကြောင့် တရုတ်ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့သာမက အရပ်ဘက်ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့အစည်းအသီးသီးကိုပါ ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်တည် ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာဆိုရင် တရုတ် သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် နေပြည်တော်ရောက်လာပြီး သဘောတူစာချုပ် လက်မှတ်တွေထိုးတဲ့အထိ ဆက်ဆံ ရေးကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်က စစ်ကောင်စီကို လက်ခံအသိ အမှတ်ပြုခဲ့ပေမယ့် နှစ်နိုင်ငံကြား ထိပ်တန်းသံတမန်တွေ ဆက်ဆံရေး ကျဲသွားခဲ့သလို နှစ်နိုင်ငံကြား သဘော တူခဲ့တဲ့ စီမံကိန်းကြီးတွေလည်း ရှေ့မဆက်နိုင်တဲ့အထိဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး တရုတ်ဘက်က မြန်မာအထူးသံတမန်နေရာမှာ လူသစ်လဲပြီးနောက် ခြေလှမ်းတွေ ပြန်သွက်လာခဲ့တာဖြစ်ပါ တယ်။ တရုတ်အထူးသံတမန်သစ် တိန့်ရှီကျွန်းဟာ နေပြည်တော်အပြင် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဌာနချုပ်တွေကိုပါ သွားရောက်ခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရှေ့ဆင့်နောက်ဆင့်ပဲ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော် မတီ အတွင်းရေးမှူး မစ္စတာ ဝမ်နင် နေပြည်တော်ကိုရောက်လာပြီး စစ်ခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေ ချုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းမလာခင်မှာ နေပြည်တော်ကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံ ရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင် ရောက်လာတာဖြစ်ပြီး စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံသွားခဲ့တာလည်းဖြစ်ပါတယ်။ မစ္စတာ ပင်ရှိုဘင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ် ကွန်မြူနစ်ပါတီက နှုတ်ပိတ်နေခဲ့ပေမယ့် မစ္စတာ ပင်ရှိုဘင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဆွေးနွေးဖို့ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဦးသိန်းစိန်ကို တွေ့ဆုံခဲ့တာလို့ ဆိုခဲ့ပါတယ်။ လက်ရှိအကျပ်အတည်းကို ရေရှည်ဖြေရှင်းဖို့ မြန်မာပြည်သူအများစုထောက်ခံတဲ့ စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်သူအားလုံး အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရေးဟာ အရေးကြီးကြောင်း မစ္စတာ ပင်ရှိုဘင်က ဆိုခဲ့တာပါ။ မစ္စတာ ပင်ရှိုဘင်အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ဘန်ကီမွန်းတို့နှစ်ဦးစလုံး ဦးသိန်းစိန်နဲ့ တွေ့ဆုံတာဟာ မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့ သံတမန် ရေးအားထုတ်မှုတွေရပ်တန့်နေချိန်မှာ စစ်ကောင်စီအတွက် ထွက်ပေါက်ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့ လာသူတွေကတော့ သုံးသပ်ထားကြပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို လမ်းဖွင့်ပေးခဲ့သူအဖြစ် နိုင်ငံတကာမှာ အသိအမှတ် ပြုခံထားရသူဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တရုတ်ထိပ် တန်းအရာရှိတွေနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းတို့ဟာ မြန်မာ့အကျပ်အတည်း ပြေလည်ရေး အတွက် ဦးသိန်းစိန်ကို လမ်းကြောင်းတစ်ခုအဖြစ်ရှုမြင် ထားပုံရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိ ဦးသိန်းစိန်ဟာ အာဏာ သိမ်း စစ်ခေါင်းဆောင်နဲ့နီးကပ်တဲ့ ဆက်ဆံရေးတွေရှိနေသလို အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ အရှိန်အဝါတွေက လည်း မြန်မာစစ်တပ်အပေါ်လွတ်ကင်းမှု မရှိသေးပါဘူး။ ဒါကို တရုတ်ဘက်က ကောင်းစွာသိထားပြီး အပြောင်း အလဲတစ်ခုခုအတွက် ချဉ်းကပ်လာပုံလည်း ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကို နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုတွေဖြစ်ပွားနေပြီး စစ်ကောင်စီအနေနဲ့ ၂ နှစ်ကျော်ကြာလာတဲ့အထိ နိုင်ငံကို မထိန်းချုပ်နိုင်ဘဲ နိုင်ငံရေးအကျပ်အတည်းမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို အကြမ်းဖက်မှုတွေရပ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ဖျောင်းဖျနိုင်တဲ့ နိုင်ငံတကာ သံတမန် မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အခု တရုတ်ထိပ်တန်းအရာရှိတွေ မြန်မာပြည်ရောက်လာအပြီးမှာ နိုင်ငံရေး အကျဉ်းသားစစ်စစ် တချို့ကိုလွှတ်ပေး ခဲ့တာ သာမန်ထက်ထူးခြားနေခဲ့တာတော့ အမှန်ပါပဲ။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီဆိုတာ တရုတ်နိုင်ငံရဲ့ လက်ရှိအာဏာရပါတီဖြစ်သလို ဩဇာအာဏာအရှိဆုံး ပါတီတစ်ခုလည်းဖြစ်နေပါတယ်။ အခုလို ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို တရုတ်ထိပ်တန်းအရာရှိနှစ်ဦး လာရောက်တွေ့ဆုံတာဟာ တရုတ်ဗဟို အစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကြောင့်ဖြစ်တယ်ဆိုတာ သေချာပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ဆရာသမားဟောင်းတွေရဲ့တိုက်တွန်းမှုကိုလက်ခံပြီး တရုတ်ခင်းပေးတဲ့နိုင်ငံရေးထွက်ပေါက်ကနေ ပြေးပေါက်ရှာနိုင် မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly