ဒေါက်တာမျိုးအောင်နှင့် ဦးနိုင်ငံလင်းတို့၏အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ကြားနာမည်

By 001 (မဇ္စျိမ)
08 May 2023
ဒေါက်တာမျိုးအောင်နှင့် ဦးနိုင်ငံလင်းတို့၏အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ကြားနာမည်
ဓာတ်ပုံ - ပုံဟောင်း

NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းတို့၏ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ် တော်ချုပ်တွင် လက်ခံ၊ မခံ ယခုလနောက်ဆုံးပတ်၌ ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ် သည့်အသိုင်းအဝိုင်းမှ သိရသည်။

တရားလွှတ်တော်ချုပ်က ပယ်ချထားသည့် ဒေါက်တာမျိုးအောင်၏ အဂတိအမှုတစ်မှုနှင့် ဦးနိုင်ငံလင်း၏ အဂတိအမှုငါးမှုကို အထူးအယူခံဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ အမှုများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လက်ခံကြားနာခဲ့ပြီးနောက်ပယ်ချခဲ့သည့်အတွက် စွပ်စွဲခံရသူ များက အထူးအယူခံဆက်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အမှုများနှင့် NLD အစိုးရအဖွဲ့ဝင်များ၏ အယူခံအမှုများကို အယူခံအခွင့်အရေးမပေးဘဲ အကျဉ်းနည်းဖြင့် ပလပ်ခြင်း၊ လက်ခံကြားနာပြီးနောက် ပယ်ချခြင်းများပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲထား သည့် အမှုများအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံထားရပြီး ဦးနိုင်ငံလင်းအနေဖြင့် အဂတိအမှု ငါးမှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၉၄၇ ဦး ရှိပြီး ထိုအထဲမှ ၁၇၇၄၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၅၇၈၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#နေပြည်တော်

#NLD

#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly