နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေ တွေထဲ က အမျိုးသားညီညွတ်ရေးအစိုးရကို လစဉ်လှူဒါန်းငွေ ဒေါ်လာ တစ်သိန်းနှင့် ညီမျှသည့် ဝမ်ငွေကို မေ ၄ ရက်မှာ ပေးပို့လှူဒါန်းခဲ့ရာ စုစုပေါင်း လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းအထိ ပေးပို့လှူဒါန်း ခဲ့ပြီး ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။ 

  • ရှမ်းပြည်တောင်းပိုင်၊ ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတကာသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု ဖြစ်စဉ်မှာ ပထဝီအနေအထား သတင်းအချက်အလက်များအရ တပ်စွဲထားသည့် အနေအထားအရPDF အပါအဝင် တော်လှန်ရေး အင်အားစုများနှင့်  သက်ဆိုင်မှု မရှိကြောင်း NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။ 

  • မြန်မာနှင့် ဩစတြေးလျ နှစ်နိုင်ငံကြား ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး အမျိုးသား ညီညွတ် ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျနိုင်ငံကို သွားရောက် ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ကိုယ်ပိုင်ထရန်စဖော်မာနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့် လျှောက်ထားလာမှုရှိပါက စနစ်တကျစိစစ် ခွင့်ပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြိုတင် အစည်း အဝေးကို မေလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း CRPH မှ ထုတ်ပြန်ချက်အရ သိရသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်နက်ကြီးစခန်းကုန်းကို PDF များက တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံမှာ လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို အပြီးသတ် စုဆောင်းမှုပြုလုပ်နေကြောင်း အာဆီယံ၏ အထွေထွေ အတွင်းရေးမှူး ကောက်ကင်ဟွမ် က ပြောသည်။ 

  • မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီ ပေးပို့သော အာဆီယံအရာရှိများအပေါ် တိုက်ခိုက်မှုဖြစ်စဉ် တစ်ရပ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မေလ ၈ ရက်တွင် ဝေဖန်ရှုတ်ချလိုက်ပြီး ပဋိပက္ခဒဏ်သင့် နိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းအဆုံးသတ်ရေး တောင်းဆိုသည်။ 

  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူးမြို့မရဲစခန်းတွင် မေလ ၄ ရက် နံနက်ပိုင်းက ဆိုင်ကယ်လိုင်စင်မရှိသောကြောင့် ဖမ်းစီးခံခဲ့ရသော ကိုဘိုဘိုသည် မေလ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် သေဆုံးသွားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် -CRA စခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်က ဓားစာခံပြည်သူ ၂၀ ကျော်ကို အသုံးချကာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ​ကျော်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုး စီးနင်းနေပြီး ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၈ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • ဝက်လက်မြို့နယ် လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီ၊ မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီနှင့် ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ဝက်လက်မြို့နယ် ကျောင်းသားများလသမဂ္ဂ-ဗကသ များအဖွဲ့ချုပ်နှင့် ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ-ဗကသများ အဖွဲ့ချုပ်တို့ ဦးဆောင်ကာ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်း ၈၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လဝက ရုံးဟောင်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ထံမှ သိရသည်။ 

  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် တရုတ်အစိုးရကို ကန့်ကွက်​ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မွန်ပြည်ကာကွယ်ရေးတပ်မှတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုအားစုံစမ်းပေးရန် MSDF ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်း က KNU ထံ တောင်းဆိုထားသည်။ 

  • ကေအဲန်သူ - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်အတွင်း၌ ဧပြီလ အတွင်း တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပြီး စစ်တပ်မှ ၁၀၇ ဦးသေဆုံးကာ ခလရ ၂၀၇၊ ခလရ ၈ တပ်ရင်းမှူးနှင့် ဗိုလ်မှူး အဆင့် (၂)ဦး၊ ဗိုလ်ကြီး (၁)ဦးတို့ အပါအဝင် ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်မှ တရားဝင် သတင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မန္တလေးမြို့မှ တိုင်းရုံးအဆောက်အအုံကို စစ်အုပ်စု ထောက်ခံသူလူ တစ်စုက ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ရှမ်း-ကရင်နီ နယ်စပ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးဂိတ်မှာ ပါးရိုက်သည့် စစ်ကောင်စီ တပ်ရင်းမှူးကို တပ်သားက ပြန်ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ 

  • ပြည်သူတွေသဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနှင့် ကျော်လွှားနိုင်စေရန် ဆောင်ရွက်နေ ကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင်ဇော်မင်းထွန်းက ပြောသည်။ 

မေ ၈ ရက် သုံးသပ်ချက် 

  • ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ အနေဖြင့် ယခုကဲ့သို့ အာဏာရှင်ကို တော်လှန်နေသည့်ကာလတွင် ပြည်သူလူထုအတွက်ပို အရေးကြီးသော ပိုလိုအပ်သောအရာ မူဝါဒများအကြောင်းအရာများ ဆွေးနွေးမည်ဖြစ်ပြီး မယောင်ရာ ဆီလူး ပြုလုပ်ရမည်အချိန်မဟုတ်ကြောင်း သတိပြုရမည်ဖြစ်သည်။ 

  • အကြမ်းဖက်စစ်ကောင်စီမှ အညာဒေသတွင် စစ်ကြောင်းထိုးကာ ရွာများမီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပြည်သူသောင်းနှင့်ချီထွက်ပြေးနေရဆဲဖြစ်သည်။နယ်စပ်ဒေသမဟုတ်သည့်အတွက် ဒေသအတွင်းမှာ ပင်လှည့်လည်၍ စစ်ဘေးရှောင်နေရပြီး ပြည်သူသောင်းနှင့်ချီ၍ အရေးပေါ်စားနပ်ရိက္ခာများ လိုအပ် နေသည် ကိုတွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly