ဆီဆိုင်တွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံရန်သွားသည့် သံအရာရှိများယာဉ်တန်း ပစ်ခတ်ခံရ

By 001 (မဇ္စျိမ)
08 May 2023
ဆီဆိုင်တွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံရန်သွားသည့် သံအရာရှိများယာဉ်တန်း ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်များနှင့် တွေ့ဆုံရန်သွားသည့် အင်ဒိုနီးရှားနှင့် စင်္ကာပူသံရုံးတို့မှ သံအရာရှိများလိုက်ပါလာသည့်ယာဉ်တန်း မေလ ၇ ရက်နေ့ နံနက်ပိုင်း က ဆီဆိုင်မရောက်ခင် နန်းဩကျေးရွာမြောက်ဘက်တွင် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ ယာဉ်တန်းတွင် အင်ဒိုနီးရှားသံရုံး၊ စင်္ကာပူသံရုံးတို့မှ သံအရာရှိအချို့နှင့် လူသားချင်းစာနာမှုအကူ အညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre)မှ တာဝန်ရှိသူအချို့လည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးတွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံရန် လာရောက်ခြင်း ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ခရီးစဉ်မှာ ပျက်သွားကြောင်း သိရ သည်။

“မနေ့က ကျွန်တော်အဲ့ဒီကို(PNLO ဆက်ဆံရေးရုံး)ရောက်သေးတယ်။ အုပ်ချုပ်ရေးမှူးခေါ်လာလို့ အဲဒီမှာ ရောက်နေတာ။ အကုန်တော့ မသိဘူးပေါ့။ သတင်းကြားလို့ပြောတော့ ကျွန်တော်တို့လည်း ပြန်သွား လိုက်တာ။ မနေ့က မတွေ့လိုက်ရဘူး”ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

အဆိုပါ သံအရာရှိများမှာ စစ်ဘေးရှောင် အယောက် ၅၀ ကို ထောက်ပံ့ရန် လာရောက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

“ဆီဆိုင်မှာ သူတို့လာကူညီချင်တယ်။ အယောက် ၅၀ လောက် သူတို့ ထောက်ပံ့မှုလာပေးချင်တာပေါ့ လေ။ ကျွန်တော်ပြောတာ ၅၀ လောက်ဆိုရင်တော့ ပေးမနေပါနဲ့ ၊ မယူတော့ဘူးလို့။ ဘာမှလည်း အထောက်အကူဖြစ်မှာလည်း မဟုတ်ဘူးလို့။ ရှိတဲ့စစ်ရှောင်က ထောင်နဲ့ချီ၊ သောင်းနဲ့ချီတယ်။ တနေရာ ၊ တနေရာဆို ရာဂဏန်းရှိတဲ့ဟာကို အယောက် ၅၀ လောက် လာပေးရင် ကျွန်တော်ဘယ်လိုသွားပေးမလဲ လို့။ လက်မခံဘူးလို့ ပြောလိုက်သေးတယ်။ အဲဒါနဲ့ သူတို့ PNLO နဲ့ပြန်သွားပြီး ဆီဆိုင်ဆက်ဆံရေးရုံးက တဆင့် စစ်ရှောင်စုတာပေါ့”ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆီဆိုင်မြို့နယ်အတွင်း နိုင်ငံတကာသံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုဖြစ်စဉ်မှာ PDF အပါအဝင် တော်လှန် ရေးအင်အားစုများနှင့် သက်ဆိုင်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က PVTV တွင် ဖြေဆိုထားသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များတပ်စွဲထားသည့် နေရာဖြစ်သကဲ့သို့ ပြောက်ကျားစစ်တိုက်ခိုက်ရန်လည်း အဆင်ပြေသည့်နေရာမဟုတ်ကြောင်း ဦးနိုင်ထူးအောင်က ပြောဆို ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း

#ဆီဆိုင်မြို့နယ်

#သံအရာရှိများယာဉ်တန်း

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly