ပေါင်းတည်တွင် PDF ရှေ့တန်းကင်းစခန်းမီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်အား ၂ ကြိမ် သွားရောက် တိုက်ခိုက်

By ရွှေနွယ် (မဇ္ဈိမ)
08 May 2023
ပေါင်းတည်တွင် PDF ရှေ့တန်းကင်းစခန်းမီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်အား ၂ ကြိမ် သွားရောက် တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်းကင်းစခန်းတဲ ငါးလုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် မေလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်ကို နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ (PPDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

“မေလ ၅ ရက်နေ့က တပ်ခွဲ(၅)ရဲ့ ရှေ့တန်းကင်းစခန်းတဲငါးလုံးကို မီးရှို့သွားတယ်။ မနေ့ကတော့ ကျနော် တို့ဘက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်မှာ အထိအခိုက်ရှိလို့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁(PPDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ခွဲ (၂)၊ တပ်ခွဲ (၄)တို့နှင့်အတူ တပ်ရင်း ၃၈၀၁ မှ ပူးပေါင်းကာ မေလ ၇ ရက်နေ့ နံနက် ၃ နာရီခန့်တွင် သိမ်ကုန်းတာဝါတိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို လက်လုပ် ၄၀ မမ များဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မေလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင်လည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပျောက် စမ်းရွာ အရှေဘက် ကြို့ပင်တောင်အနီးတွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို တပ်ရင်း ၃၆၀၁ တပ်ခွဲ(၄)နှင့် တပ်ခွဲ(၅)တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာ ရသွား သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁(PPDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်ရှိမှာ သူတို့ဘက်က အင်အား ၁၂၀ ကျော်ဝန်းကျင်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုး နေပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပဲခူတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၆၀၁ တပ်ခွဲ (၅) နွေဦးတပ်ဖွဲ့ ၏ ကင်းစခန်းအား မေလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ဘေးလွတ်ရာတိမ်းရှောင်နိုင်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ ဘဲ လက်နက်ခဲယမ်း စက်ပစ္စည်းဆုံးရှုံးမှုလည်းမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပေါင်းတည်ဘက်ခြမ်းတွင်လည်း မြေပြင်စစ်ကြောင်းထိုးလျက်ရှိပြီး အုတ်ဖိုမြို့နယ် ဘက်ခြမ်းတွင်လည်း စစ်ရေးအခြေအနေတင်းမာလျက်ရှိကာ ယနေ့ မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ် အနောက်ထောင့်ဘက်မှ အရှေ့ထောင့်ဘက်သို့ တိုက်လေယာဉ်နှစ်စီးဖြင့် ကင်းထောက်သွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ မေလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်ကြားမှ စစ်ကောင်စီတပ် အင်အားအများအပြား ရိုးမဘက်သို့ စစ်ကြောင်းတက်လာကြောင်း မြေပြင်သတင်းရင်း မြစ်များ၏ ပြောဆိုချက်အရသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအနောက်ခြမ်း

#ပေါင်းတည်မြို့နယ်

#စစ်ကြောင်းထိုး

#ပြည်သူ့ကာကွယ်ရေးတပ်ရင်း

ဓာတ်ပုံ - အုတ်ဖိုမြို့နယ်အတွင်း ကင်းထောက်ပျံသန်းသွားသောစစ်ကောင်စီလေယာဥ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly