ခင်ဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

By MTO (မဇ္ဈိမ)
08 May 2023
ခင်ဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း နှစ်ခု ဖြင့် စစ်ကြောင်းထိုးနေသည့်သဖြင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မေလ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ဘက်မှ အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကဘွက်ရွာနှင့် ကုတ္တက်ရွာအား ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကမနက်ကတည်းက ကဘွက်ရွာကိုမီးရှို့တယ်၊ ညနေပိုင်းမှာ ကုတ္တက်ရွာကိုရောက်တယ်။ ညက ကုတ္တက်ရွာမှာအိပ်ပြီး ရွာကိုမီးရှို့တယ်။ ဒီနေ့ မနက်ခင်းမှာလည်း အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေလို့ ခင်ဦးအရှေ့ခြမ်းက လူ ၃,၀၀၀ ဝန်းကျင်လောက် ထွက်ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မေလ ၈ ရက်တွင်လည်း ရေဦးမြို့မှလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရွာသစ်ကုန်း (ပျူစောထီးဆို သူများ အများစုနေထိုင်သည့်ရွာ)မှ ပျူစောထီးများ ပူးပေါင်းအင်အား ၇၀ ကျော်ခန့်သည် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီလောက်မှာ ခင်ဦးမြို့နယ်အနောက်ခြမ်းက မြကန်ကိုဝင်တယ်။ အဲဒီကတဆင့် အောင် သာယာ ပြီးတော့ အင်းဘောက်၊ အခု အင်းဘောက်ကနေ လက်နက်ကြီးတွေနဲ့ပစ်နေတယ်"ဟု ၎င်းက ပြောသည်။

ခင်ဦးမြို့နယ်အနောက်ခြမ်းမှ စစ်ကောင်စီစစ်ကြောင်းသည် တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေ သည့်အတွက် အနီးအနားရှိ ကျေးရွာခုနစ်ရွာခန့်မှ ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ခင်ဦး မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ခင်ဦးမြို့နယ် အနောက်ခြမ်းကိုထိုးနေတဲ့စစ်ကြောင်းက ရွာတွေကိုမီးရှို့တာတော့မရှိဘူး။ ဒါပေမယ့် နေ အိမ်တွေကိုဝင် မွှေတယ်လို့တော့သိရတယ်။ ဒေသခံတွေ ပြန်မကပ်နိုင်သေးတော့ ဘာတွေဆုံးရှုံးသွားလဲ မသိရသေးဘူး” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခင်ဦးမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ခုစလုံးတွင် စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် မြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေများပြားလာရာ ဒေသတွင်းအကူ အညီများဖြင့် မလုံလောက်သည့် အခြေအနေဖြစ်ပေါ်နေပြီး နိုင်ငံတစ်ဝန်းမှ ပြည်သူများက ပံ့ပိုးပေးကြပါ ရန် ဒေသတွင်း အဖွဲ့အစည်းများက တောင်းဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#စစ်ကောင်စီတပ်

#စစ်ကြောင်းထိုး

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly