သင်္ဃန်းညီနောင်တွင် BGF ကားနှင့် တိုက်မိ၍  အရပ်သား ၁ ဦး သေဆုံး

By YT  ( မဇ္ဈိမ)
08 May 2023
သင်္ဃန်းညီနောင်တွင် BGF ကားနှင့် တိုက်မိ၍  အရပ်သား ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရွာသစ် ဘုန်းကြီးကျောင်းအနီးတွင် ဆိုင်ကယ် စီးနင်းလာသောအရပ်သားတစ်ဦး ကရင်နယ်ခြားစောင့်တပ်(BGF)များ စီးနင်းလာသောကားမှဝင် တိုက်ခဲ့ ၍ သေဆုံးသွားကြောင်း မြဝတီမြို့နယ်ရှိ ဒေသခံများက မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ သင်္ဃန်းညီနောင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏သားဖြစ်သူ အသက်(၂၁)နှစ်အရွယ်ရှိ ကိုလင်း ထက်အောင်ဖြစ်ပြီး မေလ ၆ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ကားတိုက်ခံရခြင်း ဖြစ်သည်။

“သင်္ဃန်းညီနောင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့သားပါ၊ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားပါတယ်” ဟု မြဝတီ မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ 

ကိုလင်းထက်အောင် ဆိုင်ကယ်စီးနင်းနေစဉ် သင်္ဃန်းညီနောင်ရွာသစ် ဘုန်းကြီးကျောင်းအရှေ့ အရောက် ၌ ကားတိုက်ခံခဲ့ရခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

BGF တပ်သားများစီးနင်းလာသောကားသည် ကိုလင်းထက်အောင်စီးလာသော ဆိုင်ကယ်အားတိုက်မိ ချိန်တွင် ကားကို မရပ်ဘဲဆက်လက်မောင်းနင်ခဲ့မှုကြောင့် ကားနှင့်ပွတ်ဆွဲသကဲ့သို့ဖြစ်သွား၍ အသက်ဆုံး ရှုံးခဲ့ရခြင်းဖြစ်သည်ဟု ကိုလင်းထက်အောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျွန်မတို့တော့မမြင်ရဘူး အနီးအနားက ကားဆရာတွေပြောပြတာက တိုက်တိုက်ချင်း ကားရပ်လိုက် ရင် ကလေးကမသေဘူး၊ ဆက်မောင်းတော့ ဆိုင်ကယ်ရောလူပါ ကားနဲ့ ဆွဲပြီးပါသွားတာ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဝင်တိုက်ခဲ့သောကားသည် BGF အဖွဲ့အစည်းပိုင်ကားဖြစ်ပြီး သွားရောက်ကူညီမည့်ဒေသခံများကို သေနတ်ပစ်ဖောက်ခြောက်လှန့်သဖြင့် ထိုသူများ ထွက်သွားပြီးနောက်မှသာ အခြေအနေအား သွားရောက် ကြည့်ရှုနိုင်ခဲ့ကြောင်းလည်း ပြောသည်။

ကိုလင်းထက်အောင်သည် သာမန်အနေအေးသော လူငယ်တစ်ဦးဖြစ်ပြီး ရန်ုငြှိုးရန်စ နည်းသူတစ်ဦးဖြစ် ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ အာရှလမ်းမကြီးလမ်းပိုင်းတွင် ဧပြီလ ပထမ ပတ်က  KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီး သင်္ဃန်းညီနောင်ရဲစခန်းလည်း တိုက်ခိုက်ခံခဲ့ရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly