မွန်ပြည်ကာကွယ်ရေးတပ်(MSDF)မှတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှု စုံစမ်းပေးရန်တောင်းဆို

By ဂျူချန်း (မဇ္ဈိမ)
08 May 2023
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)မှတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှု စုံစမ်းပေးရန်တောင်းဆို

မွန်ပြည်ကာကွယ်ရေးတပ်မှတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုအားစုံစမ်းပေးရန် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းက KNU ထံ တောင်းဆိုထားသည်။

မွန်ပြည်ကာကွယ်ရေးတပ်၏ တနင်္သာရီဒေသတပ်၊ တပ်ရင်း(၃)မှ နိုင်တမော့ချမ်းဦးဆောင်သည့်အဖွဲ့ ပစ် ခတ်ခံရမှုနှင့်ပတ်သက်၍ မေလ ၇ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက် ခြင်းဖြစ်သည်။

“KNU ဆီကနေ ကျနော်တို့ဘာမျှော်လင့်ထားလဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအရာရှိ တပ် မဟာမှူးပဲဖြစ်ဖြစ်၊ KNU ဗဟိုကပဲဖြစ်ဖြစ် အားလုံး အရေးယူပေးဖို့လိုတယ်” ဟု ဒေါက်တာ သီရိမွန်ချမ်း ကပြောသည်။

မွန်ပြည်ကာကွယ်ရေးတပ်၏ တနင်္သာရီဒေသတပ်၊ တပ်ရင်း(၃)မှ နိုင်တမော့ချမ်းဦးဆောင်သည့်အဖွဲ့ သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ တပ်ရင်း(၁၁)မှ ဗိုလ်ကြီးစောဘွဲ့မှူး၏ ဖိတ် ကြားချက်အရ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

ဧပြီလ ၃၀ ရက်နေ့က ဆွေးနွေးပွဲမှ အပြန်လမ်းတွင် KNU/KNLA တပ်မဟာ(၄) တပ်ရင်း(၁၁) က  နှစ်ကြိမ် ပစ်ခတ်ခဲ့ကာ မွန်ပြည်ကာကွယ်ရေးတပ်၏ တနင်္သာရီဒေသတပ်မှတပ်သားသုံးဦးနှင့် အရပ်သားကား သမားတစ်ဦး သေဆုံးခဲ့ပြီး တပ်သားငါးဦး ပျောက်ဆုံးခဲ့ကာ  လက်နက်များလည်း သိမ်းဆည်းခံခဲ့ရသည် ဟု MSDF အဖွဲ့ဘက်က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ KNU ဗဟိုမှ တာဝန်ရှိသူအား မဇ္ဈိမမှမေးမြန်းရာတွင် “ဒီကိစ္စက ကျနော်တို့ လောလောဆယ် ဗဟိုမှာတောင် မဆွေးနွေးရသေးဘူး။ အစီရင်ခံစာလည်း ကျနော်တို့ မရရှိသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အထွေအထူး ပြောဖို့ မရှိသေးဘူး” ဟု KNU ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

KNU/KNLA မှ တာဝန်ရှိသူများထံသို့လည်း တိုင်ကြားစာများ ပို့ဆောင်ထားသည်ဟု  MSDF အဖွဲ့ တာဝန်ရှိ သူက ပြောသည်။

“တိုင်ကြားစာပို့ဖို့ ဆောင်ရွက်နေတာလည်းရှိတယ်။ KNU ဘက်ကို ကျနော်တို့ အခုချိန်အထိအချိတ် အဆက်မရသေးဘူးဆိုတော့ ကျနော်တို့လည်း နှစ်ဖက်စကား အသံကို နားထောင်ချင်ပါတယ်” ဟု မွန် ပြည်ကာကွယ်ရေးတပ်(MSDF)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ MSDF အနေဖြင့် KNUအဖွဲ့အစည်းတစ်ခုလုံးနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာ မဟုတ်သောကြောင့် တော်လှန်ရေးတွင် KNU/KNLA နှင့် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း လုပ်ဆောင်ရန်လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို ဆက် လက်တွန်းလှန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“အခုဖြစ်တာက KNU တစ်ခုလုံးနဲ့ ဖြစ်တာမဟုတ်ဘူး။ တပ်မဟာ(၄) တစ်ခုလုံးနဲ့ ဖြစ်တာမဟုတ်ဘူး။ တပ်ရင်း(၁၁) တောင်မှ တပ်ရင်း(၁၁) တစ်ခုလုံးနဲ့ ဖြစ်တာမဟုတ်ဘူး။ မြေပြင်မှာရှိတဲ့ တပ်မှူးတွေနဲ့ ဖြစ် တာ။ ကျနော်တို့ နဂိုရည်ရွယ်ထားတဲ့ နွေဦးတော်လှန်ရေးပြီးဆုံးအောင်၊ စစ်အာဏာရှင်ကျဆုံးအောင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ကျစ်လစ်ခိုင်မာစွာနဲ့ တပ်ပေါင်းစုအသွင်နဲ့ လုပ်ဆောင်ရမယ့် ရည်မှန်းချက်တော့ မပျောက်သေးဘူး” ဟု MSDF ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းမှ ပြော သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD)အား တင်ပြထားပြီး NUG-MOD မှ သက်ဆိုင်သူများနှင့် ဆွေးနွေး ကာ ပြန်လည်အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

KNU/KNLA တပ်မဟာ (၄) တပ်ရင်း (၁၁)က မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ရသဖြင့် ဖြစ်စဉ်တွင်ပါဝင်သော တာဝန်ရှိသူများနှင့် ကျူးလွန်ခဲ့သူများကို အမြန် ဆုံးစိစစ်အရေးယူနိုင်ရန်နှင့် သိမ်းယူထားသော လက်နက်ခဲယမ်းများ၊ ကျဆုံးသွားသူများ၏ ရုပ်အလောင်း များကို ပြန်လည်ပေးအပ်ရန် KNU တာဝန်ရှိသူများထံသို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရာမည ဖက်ဒရယ်အင်အားစုသစ်-NRFF နှင့် မွန်အမျိုးသားကောင်စီ ဩစတေးလျမှလည်း တောင်းဆိုထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly