မြန်မာ့အကျပ်အတည်းအတွက် ဆွေးနွေးညှိနှိုင်းကြရန် အာဆီယံခေါင်းဆောင်များကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

မြန်မာ့အကျပ်အတည်းအတွက် ဆွေးနွေးညှိနှိုင်းကြရန် အာဆီယံခေါင်းဆောင်များကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

ဒဏ်ခတ်ပိတ်ဆို့သည့် နည်းလမ်း မသုံးဘဲ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်သည်။ ၎င်း၏ နိုင်ငံသည် မေလ ၁၀ ရက်တွင် အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

အာဆီယံအုပ်စုအနေဖြင့် တစ်ဦးတစ်ယောက် သို့မဟုတ် နိုင်ငံတစ်ခုခုအတွက် ကြားခံ ကိုယ်စားလှယ် ဖြစ်မလာစေရေး သေချာစေရန်နှင့် မည်သူနှင့်မဆို ပူးတွဲဆောင်ရွက်၊ ပူးပေါင်းလုပ်ဆောင်သည့် မူကို ထိန်းသိမ်းရန် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် ကြိုးပမ်းထားကြောင်း အင်ဒိုနီးရှားသမ္မတက အလေးပေး ပြောသည်။

“မိမိတို့ဟာ အာဆီယံကို ဘယ်သူနဲ့မဆို၊ ဘယ်နိုင်ငံနဲ့မဆို ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်စေချင်တာဖြစ်သလို အာဆီယံအုပ်စုအတွင်းမှာ ပြဿနာတွေကို ဖြေရှင်းတာက အပြန်အလှန် ဆွေးနွေးမှု စည်းမျဉ်းမူကနေတဆင့်ပဲ ဖြစ်သင့်ပါတယ်။ ဒါက အင်မတန် အရေးကြီးတယ်။ အထူးသဖြင့် မြန်မာ့အရေးကိစ္စမှာပေါ့” ဟု မစ္စတာ ဝီဒိုဒိုက နှစ်ရက်တာ ထိပ်သီးအစည်းအဝေး ကျင်းပမည့် အင်ဒိုနီးရှားအရှေ့ပိုင်း Flores ကျွန်းပေါ်ရှိ လာဘွမ်ဘာဂျိုမြို့ကို ဆိုက်ရောက်ပြီးနောက် မေလ ၇ ရက်တွင် သတင်းထောက်များကို ပြောသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် အာဏာသိမ်းစစ်အုပ်စုအပေါ် အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံအချို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ အာဏာသိမ်းမှုအလွန် ပြည်တွင်း မငြိမ်မသက်မှုအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုများကြောင့် အရပ်သားအများအပြား သတ်ဖြတ်ခံရပြီး လူသိန်းချီ အိုးအိမ်စွန့်ခွာခဲ့ကြရသည်။

အာဆီယံအဖွဲ့အတွင်း မြန်မာစစ်အုပ်စုအပေါ် အကျယ်လောင်ဆုံး ဝေဖန်သူနိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ပိုမိုတင်းမာပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင်သွားရေး လူ့အခွင့်အရေးအဖွဲ့များ၏ တိုးမြှင့်ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။

“မြန်မာ့အရေးကိစ္စကို သေသေချာချာ ဆွေးနွေးသွားပါမယ်။ ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးမှုနည်းလမ်းကနေတဆင့် ပြေလည်အောင် ဖြေရှင်းရပါလိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဖြေရှင်းချက်နည်းလမ်း မဟုတ်ပါဘူး” ဟု အင်ဒိုနီးရှားသမ္မတက ပြောသည်။

ထို့ပြင် အာဆီယံခေါင်းဆောင် ကိုးဦးနှင့် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၁ ၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်သည် ကျိုးကြောင်းညီညွတ်သော ရည်ညွှန်းချက်တစ်ခုအဖြစ် ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly