မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MBT တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

By 007 (မဇ္ဈိမ)
08 May 2023
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MBT တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ရွှေတစ်ချောင်းကျေးရွာဘက်ကနေလာတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ကြတယ်။ နှစ်ဘက်လုံးက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ချကြတာ။ တိုက်ပွဲပြီးတော့ ဒဏ်ရာရစစ်သားတွေကို စက်လှေတွေနဲ့ မြစ်(ချင်းတွင်းမြစ်)ဟိုဘက်ကမ်းကို သယ်သွားတာတွေ့ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောင်မြို့နယ် ရွှေတချောင်းကျေးရွာမှ ကျောက်ရစ်ရဲစခန်းဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် Myingyan Black Tiger(MBT)တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရ သည်။

“တိုက်ပွဲဖြစ်ချိန် တစ်နာရီလောက်ကြာတယ်၊ ကျွန်တော်တို့တပ်ဖွဲ့ စကစ(စစ်ကောင်စီတပ်ဖွဲ့)စစ်ကြောင်း တက်လာတဲ့အနီးဆုံးနေရာ သနပ်ကုန်းတံတားဆီအထိကပ်သွားပြီး အနီးကပ်ပစ်တာ။ ကျွန်တော်တို့ စ ပစ်တော့ မဟာမိတ်တွေကလည်း ၆၀ မမတွေ လက်နက်ငယ်တွေနဲ့ ကာပစ်ပေးတော့ စကစ(စစ်ကောင်စီ တပ်ဖွဲ့)တွေ အထိနာသွားတယ်” ဟု MBT တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောသည်။

MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တိုက်ခိုက်ရေးခေါင်းဆောင် ကိုကရင်ကြီးတို့ဦးဆောင်မှုဖြင့် ပခုံးထမ်းလောင်ချာများ၊ လက်လုပ်လက်နက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MBT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Myingyan Black Tiger တပ်ဖွဲ့သည်  မကွေးတိုင်း ရေစကြိုမြို့နယ် ရုံးပေါင်းစုံတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၄ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required