ဗီယက်နမ်တွင် အပူချိန် စံချိန်တင် မြင့်တက်

ဗီယက်နမ်တွင် အပူချိန် စံချိန်တင် မြင့်တက်
Photo-AFP

ဗီယက်နမ်တွင် စံချိန်တင် မြင့်မားသော အပူချိန်တစ်ရပ်ကို တိုင်းတာသိရှိခဲ့သည်ဟု ထုတ်ဖော်ပြီး ယင်းကဲ့သို့ လွန်ကဲသော ရာသီဥတု ဖြစ်စဉ်များက ဆက်ရှိနေလိမ့်မည်ဟု ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးသည်။

ကမ္ဘာကြီး ပူနွေးမှုက ပုံမှန်မဟုတ်သော ရာသီဥတုကို ပိုဆိုးစေလျက် ရှိသည်ဟု နိုင်ငံ၏ သိပ္ပံပညာရှင်များက သတိပေးသလို အာရှဒေသတွင် ဧပြီလက အပူလှိုင်းတစ်ရပ်အောက် ဖြတ်သန်းနေခဲ့ရပြီး ယင်းအချိန်တွင် အိမ်နီးချင်းနိုင်ငံများတွင်လည်း စံချိန်တင် အပူချိန်များကို မှတ်တမ်းတင်ခဲ့သည်။

ဗီယက်နမ်တွင် မေလ ၆ ရက်က အပူချိန် ၄၄ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၁၁ ဒသမ ၃၈ ဒီဂရီ ဖာရင်ဟိုက်) ကို တိုင်းတာရရှိခဲ့ကြောင်း မိုးလေဝသ ခန့်မှန်းမှု အမျိုးသားစင်တာက ပြောသည်။ ယင်းက ၂၀၁၉ စံချိန်ဖြစ်သော ၄၃ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်လွန်ချိုးဖျက်သွားသည်။

နိုင်ငံအလယ်ပိုင်းမြို့ ဒါနန်း၌ အပူချိန်များက လွန်ကဲစွာ ပူပြင်းနေသည့်အတွက် အလုပ်သမားများအနေဖြင့် ယခင်ကထက် စောစီးစွာ အလုပ်စတင်နေကြရကြောင်း တောင်သူတစ်ဦးဖြစ်သည့် ငုရင်သီလန်းက အေအက်ဖ်ပီကို ပြောသည်။

“အပူဒဏ်ကို ရှောင်ဖို့အတွက် ကျွန်မတို့ဟာ မနက် ၁၀ နာရီမထိုးခင်မှာ အလုပ်ကို လက်စသတ်ကြရတယ်” ဟု သူမက ပြောသည်။

အပူချိန်များက ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်နီးပါးအထိ မြင့်တက်ထားခဲ့သည်ဟု ခန့်မှန်းသူများက ပြောကြောင်း သူမက ပြောသည်။

“ဒါပေမယ့် နေ့လယ်စာ စားချိန်မှာ တော်တော့်ကို ပိုပူတယ်လို့ ထင်တယ်”

ဗီယက်နမ်၏ ရာသီဥတုသည် နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်း မတူကွဲလွဲသော်လည်း လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးသည် အပူပြင်းဆုံး နွေရာသီလများကို ဖြတ်သန်းနေရလျက် ရှိသည်။

စံချိန်တင် အပူချိန်ကို မြောက်ပိုင်း သန်းဟောင် ပြည်နယ် ဟွိုင်ရွှမ် စတေရှင်၌ အဆောက်အအုံအတွင်းပိုင်းတွင် တိုင်းတာသိရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက ၂၀၁၉ ဧပြီလက အလယ်ပိုင်း ဟာတင်ဟ် ပြည်နယ် ဟောင်ခယ် ခရိုင်တွင် မှတ်တမ်းတင်ခဲ့သည့် ၄၃ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်လွန်နေသည်။

“ဒါက ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီး ပူနွေးမှု အကြောင်းအရာအောက်မှာ စိုးရိမ်စရာ စံချိန်တစ်ခုဖြစ်နေတယ်” ဟု ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ငုရင်ငေါင်ဟူရေးက ဟနွိုင်းမှတစ်ဆင့် အေအက်ဖ်ပီကို ပြောသည်။

“ဒီလို စံချိန်မျိုး အကြိမ်အများအပြား ထပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို ကြည့်မယ်ဆိုရင် လွန်ကဲတဲ့ ရာသီဥတု ပုံစံတွေ တကယ်ပဲ ဖြစ်လာတယ်ဆိုတာကို ပြသနေတယ်”

နိုင်ငံတစ်ဝန်းတွင် ပြည်သူများအနေဖြင့် အပူပြင်းဆုံးသော အချိန်နာရီများတွင် နေအိမ်အတွင်းမှာသာ နေကြရန် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အာဏာပိုင်များက အကြံပြုသတိပေးထားသည်။

အပူဒဏ်၊ ဖြစ်နိုင်ခြေရှိ မိုးခေါင်မှုနှင့် ရေရှားပါးမှုတို့ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံ၏ စက်မှုနှင့် လျှပ်စစ် ဝန်ကြီးဌာနတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး ဒါနန်း တာဝန်ရှိသူများက တောင်းဆိုထားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ထို့ပြင် ပြည်တွင်း အသုံးပြုရန် လုံလောက်သည့် ရေအထောက်အပံ့များ ရှိစေရေး မြို့၏ရေပေးဝေမှု ကုမ္ပဏီတစ်ခုကိုလည်း တာဝန်ရှိသူများက ပြောထားသည်။

မေလ ၆ ရက် နေ့လယ်ပိုင်းတွင် ဟနွိုင်းမြို့လယ်တွင် လူမရှိသလောက် ဖြစ်ခဲ့ပြီး အများအပြားမှာ နေအပူဒဏ်ကို ရှောင်ရန် နေအိမ်၊ အဆောက်အအုံများတွင်းမှာသာ ရှိနေကြသည်။

ဧပြီလတွင် အာရှနိုင်ငံများသည် ပူပြင်းသော ရာသီဥတုများအောက်တွင် ကြုံတွေ့ခံစားထားရပြီး စံချိန်တင် သို့မဟုတ် စံချိန်တင်နီးပါး မြင့်မားသော အပူချိန်များကို မှတ်တမ်းတင်ခဲ့သည်။

နိုင်ငံအနောက်ပိုင်း တက်ခ်ပြည်နယ်တွင် စံချိန်တင် တူညီသော ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်စ် ကို မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်း မိုးလေဝသ ဌာနက ထုတ်ဖော်ခဲ့သလို မြန်မာနိုင်ငံ အရှေ့ပိုင်း မြို့တစ်မြို့တွင်လည်း ဆယ်စုနှစ်အတွင်း စံချိန်တင်မြင့်မားသည့် ၄၃ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိ အပူချိန် ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာမီဒီယာက ဖော်ပြခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly