မြန်မာ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များဆိုင်ရာ အကဲဖြတ်မှုကို အာဆီယံက အပြီးသတ်လုပ်ဆောင်နေ

မြန်မာ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များဆိုင်ရာ အကဲဖြတ်မှုကို အာဆီယံက အပြီးသတ်လုပ်ဆောင်နေ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် အကျပ်အတည်းဒဏ်သင့် မြန်မာကို လူသားချင်းစာနာမှု အကူအညီ ဆက်လက် ထောက်ပံ့ပေးအပ်နေသလို တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင်းရှိ စာနာမှု အကူအညီ လိုအပ်ချက်များနှင့်ပတ်သက်၍ ‘ပြည့်စုံ ကျယ်ပြန့်သော’ အကဲဖြတ်ချက်တစ်ရပ်ကို အာဆီယံက အပြီးသတ်လုပ်ဆောင်နေသည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo တွင် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအုပ်စုမှ ခေါင်းဆောင်များ တွေ့ဆုံချိန်တွင် ယခု အကဲဖြတ်ချက်ကို အပြီးသတ်နိုင်မည်ဟု အာဆီယံက မျှော်လင့်နေသည်။

အာဆီယံအုပ်စုအနေဖြင့် လူ့အသက်ကယ်ခြင်းနှင့် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုပိုင်းတွင် မြန်မာ၌ ယင်း၏ လုပ်ဆောင်မှုများ၏ ပထမအဆင့်ကို ပြီးစီးထားသလောက် ရှိခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ခေါင် ကင်မ်ဟောင်းန်က ပြောသည်။

ပထမအဆင့်တွင် မြန်မာနိုင်ငံရှိ COVID-19 တုံ့ပြန်မှုကို ထောက်ကူပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် ပစ္စည်းများ ပေးပို့မှု ပါဝင်သည်။

“ဒုတိယအဆင့် (အသက်ဘဝများကို ထောက်ကူပံ့ပိုးခြင်း) ကို မသွားခင် မိမိတို့အနေနဲ့ ပြည့်စုံကျယ်ပြန့်တဲ့ အကူအညီလိုအပ်ချက်ဆိုင်ရာ အကဲဖြတ်သုံးသပ်ချက်တစ်ရပ်ကို လုပ်ဖို့ လိုပါတယ်” ဟု ဒေါက်တာ ခေါင် ကင်မ်ဟောင်းန်က ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ဧပြီ ၂၈ ရက်က စီအင်န်အေနှင့် အထူးသီးသန့်အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်မှုများကို ဖိနှိပ်ရန် လူ့အသက်သေစေသည်အထိ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းထားခဲ့သည်။

လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်များဆိုင်ရာ အာဆီယံ၏ အကဲဖြတ်ချက်တွင် အကူအညီ လိုအပ်သူ ဦးရေ၊ ယင်းကဲ့သို့သော အကူအညီမျိုး လိုအပ်နေသည့် နေရာများနှင့် လိုအပ်သည့် အကူအညီအမျိုးအစား တို့ ပါဝင်မည် ဖြစ်ကြောင်း ဒေါက်တာ ခေါင် က ပြောသည်။
မြန်မာပြည်သူများ၏ အရေးပေါ် အမြန် လိုအပ်ချက်များက မည်သည်တို့ ဖြစ်သလဲ ဟု မေးမြန်းမှုကို ၎င်းက ဖြေကြားရာတွင် မိမိအနေဖြင့် အလျင်စလို သုံးသပ်မှုများ မလုပ်လိုကြောင်း ပြောပြီး အဖွဲ့အနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်များကို အပြီးသတ်ရန် လုပ်ဆောင်ဆဲဖြစ်ကြောင်း ပြောသည်။ ထို့ပြင် အကူအညီ လက်ခံရရှိမည့်သူများထဲတွင် ကျေးရွာများမှ ပြည်သူများ ပါဝင်လိမ့်မည်ဟု ၎င်းက ပြောသည်။

“မြေပြင်မှာ အကြမ်းဖက်မှုတွေကြောင့် နေရာရွှေ့ပြောင်းကြရတဲ့သူတွေ ရှိပါတယ်။ အသက်ရှင် ရပ်တည်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အမှန်တကယ် လက်ခံရယူနိုင်တာမျိုး မရှိတဲ့သူတွေ ရှိနေပါတယ်။ အဲဒီသူတွေဟာ မိမိတို့ အာရုံစိုက်ရမယ့် သူတွေဖြစ်တယ်” ဟု ဒေါက်တာ ခေါင်က ပြောသည်။

အကဲဖြတ်သုံးသပ်မှုသည် မြန်မာဘက်မှ “နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု” ကိုလည်း လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ အာဆီယံ၏ လုပ်ဆောင်ချက်ကို အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားအောက်ရှိ အထူးသံတမန်ရုံးက ထောက်ခံထားသည်။

အကဲဖြတ်သုံးသပ်မှု လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ ရှိ

စာနာမှု အကူအညီလိုအပ်ချက်များဆိုင်ရာ အကဲဖြတ်ချက် လုပ်ဆောင်ရာတွင် အာဆီယံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးမှု ချိတ်ဆက်ညှိနှိုင်းမှု စင်တာ (AHA centre) သည် လက်ရှိမြန်မာစစ်အုပ်စုအောက်မှ အာဏာပိုင်များနှင့်အတူ လုပ်ဆောင်သလို အတိုက်အခံ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း ဒေါက်တာ ခေါင်က ပြောသည်။

အကဲဖြတ်မှု လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ ရှိခဲ့ပြီး ပထမဆုံးတစ်ခုက သက်ဆိုင်ရာ နေရာဒေသများသို့ဝင်ထွက်ရောက်ရှိနိုင်ခွင့် ဖြစ်ပြီး ယင်းက လုပ်ငန်းစဉ်ကို နှေးကွေးစေခဲ့ကြောင်း ၎င်းက ပြောသည်။

တွေ့ဆုံမေးမြန်းရန် ယုံကြည်စိတ်ချရသူများကို ခွဲခြားဖော်ထုတ်ရခြင်းကလည်း နောက်ထပ် စိန်ခေါ်မှုဖြစ်သည်။

“ပြီးမြောက်အောင် မလုပ်နိုင်တဲ့ အရာတစ်ခုခုကို မိမိတို့ တွန်းအားပေးလို့မရနိုင်ဘူး။ ဒါကြောင့် AHA စင်တာအနေနဲ့ ပြီးစီးအောင် လုပ်နိုင်မယ့်အရာကို ထည့်တွက်ဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ပူးပေါင်းဆောင်ရွက်မှုအပြင် ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်ဆောင်တဲ့သူတွေဆီက ပူးပေါင်းဆောင်ရွက်မှုကိုပါ လိုအပ်တာဖြစ်တယ်” ဟု ဒေါက်တာ ခေါင်က ပြောသည်။

သုံးသပ်မှု ပြီးပါက အာဆီယံအနေဖြင့် နောက်ထပ် ကတိပြု ပွဲအခမ်းအနားတစ်ခု ရှိလိမ့်မည်ဖြစ်သည်။

မြန်မာကို အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုကို ထောက်ခံပံ့ပိုးသည့် ပြီးခဲ့သည့် နောက်ဆုံး ကတိပြုပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့ပြီး ထိုစဉ်က အမေရိကန်ဒေါ်လာ ၈ သန်းနီးပါးနှင့် ညီမျှသည့် ငွေကြေးကတိကဝတ်ပြုမှုများ နှင့်အတူ COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ငွေအစား ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် ပစ္စည်းများ ထည့်ဝင်မှုတို့ကို ရရှိနိုင်ခဲ့သည်။
 

မြန်မာသို့ လာရောက်ရန် စီစဉ်ထား

သင့်တော်သည့် အချိန် ရောက်ပါက အာဆီယံ အတွင်းရေးမှူးချုပ်အဖြစ် မိမိအနေဖြင့် မြန်မာကို လာရောက်ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာ ခေါင်က ပြောသည်။

“မြန်မာကို လာဖို့ ကျွန်တော် ဖိတ်ကြားခံထားရပါတယ်။ ဒါပေမယ့် ပူးတွဲ လိုအပ်ချက် အကဲဖြတ်ချက် ပြီးစီးတဲ့နောက်ပိုင်းမှသာ ဖြစ်တယ်။ အဲဒါက ကျွန်တော် လိုအပ်တဲ့ အဓိက အချက်အလက်ကို ပေးမှာဖြစ်သလို အဲဒီနောက် ကျွန်တော့်အနေနဲ့ နောက်ထပ် ဘယ်လို အကူအညီလိုအပ်ချက်တွေကို ထပ်ပေါင်းရမယ် ဆိုတာကို ကြည့်ရပါလိမ့်မယ်”

၎င်း၏ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်က မြန်မာပြည်သူများ၏ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကို သိရှိနိုင်ရန် ဖြစ်မည် ဖြစ်သည်။

“ကျွန်တော့်အတွက် နံပါတ်တစ် ဦးစားပေးကိစ္စကတော့ သူတို့တွေကို ထောက်ကူပံ့ပိုးဖို့ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်တယ်ဆိုတာကို ကြည့်ဖို့ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ “ပြီးတော့ နောက်ထပ် သေချာတာက ကျွန်တော်တို့အနေနဲ့ မြေပြင်မှာ အကြမ်းဖက်မှုတွေ လျော့စဲသွားတာကို မြင်ချင်ပါတယ်။ ပြည်သူတွေ ကိုယ့်ရပ်ကိုယ့်ရွာတွေကို ပြန်သွားတာကို မြင်ချင်တယ်”

အာဆီယံအနေဖြင့် အဟန့်အတားမရှိဘဲ လိုအပ်သော စာနာမှု အကူအညီများကို ပေးဝေသွားလိုကြောင်း ၎င်းက ပြောသည်။

“နေပြည်တော် (အာဏာသိမ်းအုပ်စု) ဘက်က သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဧရိယာတွေတင်မကဘဲ အခြား ဧရိယာတွေဆီ ဝင်ခွင့်နဲ့ ကျွန်တော်တို့ကို ပံ့ပိုးကူညီမှုတွေ ပေးဖို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် မြန်မာခရီးစဉ် သွားရောက်ချိန်တွင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် တွေ့ခွင့်ရရန်လည်း ဒေါက်တာ ခေါင်က မျှော်လင့်ထားသည်။

“အထူးသဖြင့်တော့ ကျွန်တော့် ရာထူးတာဝန်အခန်းကဏ္ဍက နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဘာမှ ပတ်သက်တာ မရှိပါဘူး။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက အာဆီယံရဲ့ ပြည်သူတွေ၊ ဒီနေရာမှာ မြန်မာပြည်သူတွေအပေါ် အမှန်တကယ် အာရုံစိုက်ဖို့ပဲဖြစ်တယ်။ ဆိုတော့ နောက်ထပ် ကျွန်တော်တို့ ဘာတွေ ထပ်ပြီး လုပ်နိုင်သလဲ ဆိုတာကို မြင်ချင်တယ်” ဟု ၎င်းက ပြောသည်။

“ဘာကြောင့်လဲဆိုတော့ အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းရာမှာပဲ တစ်စိတ်တစ်ဒေသကနေ ပါဝင်ချင်တယ်။ မိမိတို့ဟာ ပြဿနာရဲ့ တစ်စိတ်တစ်ဒေသ မဟုတ်ပါဘူး။ ပြီးတော့ ဒီလို အတိမ်းအစောင်းမခံတဲ့ ကာလမှာ ကျွန်တော်တို့ တကယ်တမ်း ဘာတွေ ထပ်လုပ်နိုင်မလဲ ဆိုတာကို ကျွန်တော်တို့ အမှန်တကယ် မြင်ချင်တယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required