အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကအရပ်သားများပါဝင်သည့် အကြံပေးအဖွဲ့ဖွဲ့စည်း

အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကအရပ်သားများပါဝင်သည့် အကြံပေးအဖွဲ့ဖွဲ့စည်း

ချင်းမိုင်၊ မတ် ၂၆ ။              ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)ကို ဖွဲ့စည်းနေပြီ ဖြစ်သည်။

ယင်းအဖွဲ့တွင် KIO မှ ခေါင်းဆောင် ၅ ဦးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရန်ကုန်၊ မန္တလေး စသည် နေရာအနှံ့တို့မှ အရပ်သား ပြည်သူလူထု ၃၁ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး ပါဝင်မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) က ဦးဆန်အောင်က ပြောသည်။

“အစိုးရ ပြောင်းလဲပြီးနောက်မှ ထုတ်ပြန်မယ်။ အဓိကတော့ နိုင်ငံရေးပါတီ မပါဝင်တဲ့လူ၊ နိုင်ငံရေးပါတီမှာ ဦးဆောင် ဦးရွက် မဟုတ်တဲ့ သူတွေ၊ အစိုးရ မဟုတ်တဲ့ လူတွေ၊ လွတ်လွတ်ကင်းကင်းဖြစ်တဲ့ လူတွေ ဖြစ်မယ်။ ဘာသာရေးမှာလည်း ထိပ်ပိုင်း ခေါင်းဆောင်တွေ မဟုတ်ဘဲ။ တာဝန်ကြီး ယူထားတဲ့လူမဟုတ်ရဘူး။ လောလောဆယ်တော့ ၃၆ သတ်မှတ်ထားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းအဖွဲ့တွင် ပါဝင်သူ အရပ်သားများသည် အစိုးရ ဝန်ထမ်း မဟုတ်သူများ၊ နိုင်ငံရေးပါတီများတွင် ပါဝင်ခြင်း မရှိသူများ ဖြစ်ရမည် ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ စိတ်ဝင်စားသူများ ရွေးချယ်ထားသည်ဟု သူက ပြောသည်။

KIO မှ အရပ်ဘက် အရာရှိ ဦးလမာဂွမ်ဖန်း ဦးဆောင်၍ KIO ဒုဥက္ကဌ(၂) ဗိုလ်ချုပ် ဂွမ်မော်၊ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဗိုလ်မှူးချုပ် ဇောင်းဘုတ်ထမ်း၊ ဗိုလ်မှူးကြီး အင်ဘန်ဘွမ် ဆင်ဝါးတို့ ၅ ဦးနှင့်KIO၏ ကချင်အမျိုးသမီး အစည်းအရုံးမှ ဒေါ်လဗျ ပန်ဇင်နှင့် ဒေါ်လဖိုင် ဂျာတောင်တို့ ပါဝင်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အစိုးရသစ်မှ ငြိမ်းချမ်းရေး ဆိုင်ရာတွေ့ဆုံ ဆွေးနွေးရန် KIO အနေဖြင့် အဆင်သင့် ဖြစ်နေရန်အတွင် ကြိုတင် ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်ဟု အမည်မဖော်လိုသူ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကေအိုင်အိုကလည်း ဘာဘဲ ဖြစ်ဖြစ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောက်ဖို့အတွက် နိုင်ငံရေးမူဘောင်၊ အမျိုးသားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သယံဇာတတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး စာပွဲပေါ်မှာ ဆွေးနွေးလာမယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားရမဲ့ကိစ္စတွေ ပြုစုရေးသားဖို့၊ ဥပဒေတွေ ဘယ်လို ပြဌာန်းမယ်ဆိုတာ ပြင်ဆင်နိုင်ဖို့ ဖွဲ့စည်းတာ ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မကြာမီ ဖွဲ့စည်းမည့် ၃၆ ဦးမှ ၃၁ ဦးပါ အရပ်သားများ၏ အမည်စာရင်းများကို လာမည့် ဧပြီလအတွင်း တရားဝင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသော လူထုကိုယ်စားလှယ်များ အပါအဝင် ကျင်းပသော အစည်းအဝေးမှ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တဆက်တည်းတွင် KIO ဗဟိုကော်မတီ အစည်းအဝေးမှ KIO ထိပ်သီးခေါင်းဆောင် ၅ ဦးကို တာဝန်ပြောင်းလဲ ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly