ဘုတ်ပြင်းတွင် ဒေသခံတစ်ဦးကို ဖမ်းဆီးပြီး ၎င်း၏ နေအိမ်နှင့် ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
07 May 2023
ဘုတ်ပြင်းတွင် ဒေသခံတစ်ဦးကို ဖမ်းဆီးပြီး ၎င်း၏ နေအိမ်နှင့် ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်

တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ၊ ကမာချောင်းကျေးရွာ ဒေသခံ ဦးဇော်ဦးကို ပြီးခဲ့သည့် မတ်လ ၂၅ ရက် ည ၈ နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့က ၎င်း၏ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး နောက် မေလ ၅ ရက်တွင် ၎င်းပိုင် နေအိမ်နှင့် စက်သုံး အရောင်းဆိုင်ကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများက လာရောက် ချိတ်ပိတ်သွားကြောင်း ဒေသခံများထံက သိရသည်။

၎င်းသည် ကမာချောင်းကျေးရွာတွင် ကုန်စုံဆိုင်နှင့် အရုဏ်ဦး စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ထားပြီး PDF အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွှယ် နေသည်ဟုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခဲ့ခြင်းခံခဲ့ရကာ လက်ရှိတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းခံထားရကြောင်း ဒေသခံ သတင်း အရင်းမြစ်များထံက သိရသည်။

ဘုတ်ပြင်းမြို့ခံ တစ်ဦးက“စစ်တပ်ကတော့ သူကို PDF အဖွဲ့စည်းနဲ့ ပတ်သက် ဆက်နွှယ်တယ် ဆိုပြီး ဖမ်းဆီးလိုက်တာပါ ။ အခုလည်း ပိုင်ဆိုင်မှု ဖြစ်တဲ့ နေအိမ်၊ ကုန်စုံဆိုင်နဲ့ စက်သုံးဆီ အရောင်းဆိုင်ကိုပါ ချိတ်ပိတ် လိုက်သလို မိသားစုဝင်တွေပါ နေအိမ်က ဖယ်ရှားခံ လိုက်ရတယ်” ဟု ပြောသည်။

လက်ရှိ ချိတ်ပိတ်ခံ လိုက်ရသည့် နေအိမ်နှင့် စက်သုံးဆီ အရောင်းဆိုင် တို့သည် ကာလတန်ဖိုး ကျပ်သိန်း ၁,၀၀၀ ကျော်နီးပါး ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

“ဦးဇော်ဦးက PDF အဖွဲ့နဲ့ ပတ်သက် ဆက်နွှယ်မှု ရှိ၊ မရှိတော့ မသိဘူး။ ဒါပေမဲ့ ဒီဘက်မှာက လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေက တိုင်တာတွေ တွန်းတာတွေ လုပ်ရင်တော့ ဖမ်းခံရတာတွေတော့ ရှိနေတယ်”လို့ ဘုတ်ပြင်းမြို့ ဒေသခံ နောက်တစ်ဦးက ပြောသည်။

အဆိုပါ ချိတ်ပိတ်ခံ လိုက်ရသည့် နေအိမ်နှင့် စက်သုံးဆီ အရောင်းဆိုင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စည်ပင်အဖွဲ့ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့ဝင်များက လာရောက် ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#Mizzima

#ချိတ်ပိတ်ခံရ

#ကမာချောင်းကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly