မိတ္ထီလာတွင် မသန်စွမ်းကလေးငယ်များအပါအဝင် မိသားစုလိုက် စစ်ကောင်စီ၏ ဖမ်းဆီးခံရ

By ကီရာ (မဇ္ဈိမ)
07 May 2023
မိတ္ထီလာတွင် မသန်စွမ်းကလေးငယ်များအပါအဝင် မိသားစုလိုက် စစ်ကောင်စီ၏ ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် မသန်းစွမ်းကလေးငယ်များအပါအဝင် မိသားစုလိုက်အား စစ်ကောင်စီက မေလ ၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြော ကြားသည်။

အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၄၂နှစ် အရွယ် ဦးစောပါဗလု၊ ဇနီးဖြစ်သူ ဒေါ်နော်ဖောဆဲ၊ သမီးများဖြစ် သော အသက်ကိုးနှစ်အရွယ် နော်ရေဗက္ကာဖော(ခ)ဘက်ဘက်၊ အသက်ခြောက်နှစ်အရွယ် နော်ဟေဇဲဗလုဖော(ခ)ပင်ကီနှင့် အသက်ငါးနှစ်အရွယ် နော်လေဒီယာဗလုဖော(ခ)ဆွီတီတို့အား မေလ ၁ ရက်နေ့က ၎င်း တို့နေအိမ်၌ စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ၁၀ ဦးခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဦးစောပါဗလုသည် တေးရေးဆရာတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ၏မိဘများဖြစ်သော အသက် ၇၀နှစ်အရွယ်ခြေတဖက်ဖြတ်ထားရသည့်ဒုက္ခိတ ဖခင်နှင့် ကျန်းမာရေးမကောင်းသော ဆီးချိုရောဂါသည်မိခင်တို့ကို အနီးကပ်ပြုစုရန်အတွက် မိတ္ထီလာမြို့ သို့ ပြောင်းရွှေ့နေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မေလ ၁ ရက်နေ့ ညနေပိုင်းက ဦးစောပါဗလုအား အရပ်ဝတ် ၁၀ ဦးခန့်မှ စစ်ဆေးမေးမြန်းစရာရှိကြောင်း ပြောဆိုခေါ်ဆောင်သွားပြီးမကြာမီ ထပ်မံရောက်ရှိလာကာ ကျန်မိသားစုဝင်များကို တစ်ခန်းဝင်တစ်ခန်း ထွက်ရှာဖွေ၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မေလ ၂ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်နော်ဖောဆဲ အရပ်ဝတ်အစောင့်နှစ်ဦးဖြင့် နေအိမ်သို့ပြန်လာပြီး လက် ကိုင်ဖုန်းနှင့် ကလေးအဝတ်အစားများ လာရောက်ယူဆောင်ခဲ့ကြောင်း သိရသည်။

မိသားစုလိုက် မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသောကြောင့် ကျန်ခဲ့သည့် အဖွားဖြစ်သူက မိတ္ထီလာရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ၎င်းတို့မသိရှိ ကြောင်းနှင့် တပ်မ(၉၉)သို့ ဖုန်းဆက်စုံစမ်းပေးခဲ့သော်လည်း ၎င်းတပ်မှလည်း ဖမ်းဆီးခြင်းမဟုတ် ကြောင်းပြန်လည်ပြောခဲ့ပြီး စ.ရ.ဖ က ခေါ်သွားခြင်းဖြစ်နိုင်ကြောင်း အကြောင်းကြားခဲ့သည်ဟု မိသားစု နှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးမှ ပြောသည်။

မေလ ၆ ရက်နေ့တွင် မိတ္ထီလာမြို့ ချည်မျှင်နှင့် အထည်စက်ရုံအနီးရှိ စ.ရ.ဖ ရုံးသို့ ကလေးနို့မှုန့်နှင့် အစား အသောက်များသွားရောက်ပေးပို့ရာတွင် အဆိုပါရုံးမှ ဖမ်းဆီးခံထားရသူများ၏အမည်များကို မေးမြန်းပြီး ပေးပို့သည်များကို လက်ခံရယူခဲ့သည်ဟု သိရသည်။ ကလေးများနှင့်တွေ့ခွင့်တောင်းရာတွင်မူ မရရှိခဲ့ပေ။

ဖမ်းဆီးခံထားရသူ နော်ဖောဆဲသည် ဆီးချိုဝေဒနာသည်တစ်ဦးဖြစ်ပြီး ဆေးဝါးများမှီဝဲနေသူဖြစ်သည်ဟု သိရသည်။ ထို့ပြင် ကလေးငယ်များမှ အကြီးဆုံးသမီးဖြစ်သူမှာ စကားပြောဆိုရန် အခက်အခဲရှိသူဖြစ်ကာ စကားပြောနောက်ကျသောကြောင့် အသက်ကိုးနှစ်ရှိပြီဖြစ်သော်လည်း ပထမတန်းသာ တက်နေရသူဖြစ် ပြီး အငယ်ဆုံးသမီးဖြစ်သူ အသက်ငါးနှစ်အရွယ် ဆွီတီမှာလည်း လက်ရှိအချိန်ထိ စကားမပြောနိုင်သော မသန်စွမ်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#မိတ္ထီလာမြို့

#မသန်စွမ်းကလေးငယ်

#ကလေးသူငယ်အခွင့်အရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly