ဘီးလင်းတွင် ရဲစခန်း ၂ ခု တပြိုင်နက် တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
07 May 2023
ဘီးလင်းတွင် ရဲစခန်း ၂ ခု တပြိုင်နက် တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာနှင့် တောင်စွန်းကျေးရွာတို့မှ နယ်မြေရဲစခန်းများ တပြိုင်နက် တိုက်ခိုက်ခံရကာ ဝင်းကရဲစခန်းမှ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံ မှ သိရသည်။

မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်းကရဲစခန်း အား ၄၀ မမ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ရဲတပ်သားနှစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“ဝင်းကရဲစခန်းမှာ ရဲအင်အား ရှစ်ဦး ရှိတယ်။ နှစ်ဦးကတော့ မျက်မြင်မို့ အတိအကျပြောနိုင်တယ်။

ရဲစခန်း နှစ်ခုကို တစ်ချိန်တည်းမှာတိုက်ခိုက်ခဲ့တာ။

ဝင်းကရဲစခန်းဝင်ပစ်တာတော့ အကိုတို့ (ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့)က အရင်ပစ်တယ် သူတို့ပြန်ပစ်တယ်။ ဒီလောက်ပဲ အဲဒီစခန်းက အင်အားနည်းတယ်လို့ ပြော လို့ရတယ်ပေါ့” ဟု KRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဘီလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ တောင်စွန်းရဲ စခန်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံးချကာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း ဆိုသည်။

“ရဲစခန်းနှစ်ခုကို တစ်ချိန်တည်းမှာ တိုက်ခိုက်ခဲ့တာ။ တစ်ခုက ဝင်ပစ်တာ၊ နောက်တစ်ခုက ဒရုန်းနဲ့ပစ် တာ။ တောင်စွန်းက ဒရုန်းမစ်ရှင်ဖြစ်တာကြောင့် စကစ(စစ်ကောင်စီတပ်ဖွဲ့)အင်အားနဲ့ ထိခိုက်မှုကို အတည်ပြုဖို့ ခက်တယ်။ ဒီနေ့ လုပ်ခဲ့တဲ့ မစ်ရှင်တိုင်းရဲ့ စကစ(စစ်ကောင်စီတပ်ဖွဲ့ဝင်) ထိခိုက်မှုတွေကို စုံစမ်းနေပါတယ်” ဟု KRF-သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ဘီးလင်း ပ.က.ဖ၊ ကျိုက်ထို ပ.က.ဖ၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်)(PPDF_KD)၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော် လှန်ရေးအင်အားစု(TPDF) နှင့် ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၆ ရက် နံနက်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ ၏ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ(၄၄) ဌာနချုပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်

#ဘီးလင်းမြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly