ဆားတောင်မြို့ပေါ် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
07 May 2023
ဆားတောင်မြို့ပေါ် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ဆားတောင်မြို့ပေါ်ရှိ ရဲစခန်းဝန်း ထဲတွင် သန့်ရှင်းရေး လုပ် အမှိုက်မီးရှို့နေသည့် ရဲတပ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၇ ရက်နေ့ နေ့လယ်ပိုင်း ၁၁ နာရီ ခွဲ အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Zeroတပ်ဖွဲ့ မှ ကိုသက်ကြီးက ပြောသည်။

“ ဒရုန်းကို ၆၀ မမ ဗုံးသီး သုံးလုံးတွဲ တပ်ပြီး ရဲတပ်သားတွေ ရှိတဲ့ နေရာကို ထိထိမိမိ ချရောက်ဖောက်ခွဲနိုင်ခဲ့တယ်။ ရဲတပ်သား သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆားတောင်ဆေးရုံမှာ တင်ထားရတယ်” ဟု ၎င်း ကဆိုသည်။

ထိုတိုက်ခိုက်မှူကို Zero ပြောက်ကျားတပ်ဖွဲ့ ၊ နဂါးနီ တပ်ရင်း နှင့် ဆားတောင် မိုးကြိုး အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်နေ့တွင်လည်း Zero ပြောက်ကျား တပ်ဖွဲ့ အနေဖြင့် အရာတော်မြို့နယ် နောင်ကြီးအိုင် စစ်အခြေစိုက် စခန်းတစ်ခုကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှူများ ရှိခဲ့ကြောင်းသိရပါသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ဆားတောင်မြို့ပေါ်ရဲစခန်း

#ဒရုန်းဖြင့်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly