အမရပူရလ၀ကရုံး ဗုံးပစ်ခံရပြီး ၀န်ထမ်း ၂ ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

By 007(မဇ္စျိမ)
06 May 2023
အမရပူရလ၀ကရုံး ဗုံးပစ်ခံရပြီး ၀န်ထမ်း ၂ ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက်ရှိ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန(လ၀က)ရုံး ယမန်နေ့  မေလ 5 ညနေပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး ၀န်ထမ်းနှစ်ဦးနှင့် မိသားစု၀င်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

"ဗုံးက ရုံးခေါင်မိုးပေါ်ကျပြီး ပေါက်တယ်။ အဲဒီမှာရုံးထဲရှိနေတဲ့ ၀န်ထမ်းနှစ်ယောက်နဲ့ နောက်တစ်ယောက်က ရုံးမိသားစု၀င်လို့ပြောတယ်။ အားလုံးပေါင်းသုံးယောက်ထိတယ်။  အမျိုးသမီးတွေချည်းပဲ" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လဝကရုံးကို ယမန်နေ့  ညနေ ၆ နာရီခွဲခန့်က  ဆိုင်ကယ်စီးလူနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးသုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ရုံးရှေ့၌ရပ်ထားသောမော်တော်ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးမှုအနည်းငယ် ရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက  ပြောသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးပေ။

အမရပူရမြို့နယ်ရှိ အဆိုပါ လ၀ကရုံးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရဖူးပြီး  ထိုတိုက်ခိုက်မှုအား No More Dictatorship PDF MDY က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မေလ ၁ ရက်နေ့ကလည်း အမရပူရမြို့နယ်ရှိ မြို့မရဲစခန်း ဒရုန်းဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ရဲ၀န်ထမ်းတစ်ဦး၏ ကလေးငယ်‌ သေဆုံးကာ ၎င်း၏မိသားစု၀င်(အမျိုးသမီး) လေးဦး ဒဏ်ရာရခဲ့သေးသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required