စစ်တပ်က ဒေသခံ ၁ ဦးအား ၁၀ ရက်နီးပါးဖမ်းဆီး နှိပ်စက်၊ ဓါတ်ဆီလောင်း မီးရှို့ပြီးမှ ပြန်လွှတ်

By YT (မဇ္ဈိမ)
06 May 2023
စစ်တပ်က ဒေသခံ ၁ ဦးအား ၁၀ ရက်နီးပါးဖမ်းဆီး နှိပ်စက်၊ ဓါတ်ဆီလောင်း မီးရှို့ပြီးမှ ပြန်လွှတ်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှ ဒေသခံတစ်ဦးအား စစ်ကောင်စီတပ်သည် ၁၀ ရက်အကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ပြန်လွှတ်ချိန်တွင် ခန္ဓာကိုယ်အား ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း KNU ​၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ စောအယ်မူးသည် ရွှေကျင်မြို့တွင် ဈေးဝယ်ရန် သွားစဉ် စစ်ကောင်စီတပ် ခလရ(၅၇) ​၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

" ဖမ်းဆီးရသည့် အကြောင်းအရင်းမှာ စောအယ်မူးသည် KNLA ​၏ တပ်သားတစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီတပ်အား ဆန့်ကျင်သူဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်သည်" ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စောအယ်မူးအား ခလရ(၃၄၉) စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးထားသည့်ကာလအတွင်း ၎င်း​၏ ခြေ၊ လက်များအား ကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ပတ်ထားခဲ့ပြီး ထိုစစ်ကောင်စီတပ်သားများက ၎င်းအပေါ် နေ့စဉ် ကျင်ငယ်စွန့်ကြကြောင်း သိရသည်။ 

စောအယ်မူးအား ဖမ်းဆီးခဲ့ပြီး ၁၀ ရက်အကြာ၊ မေလ ၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပြန်လွှတ်ပေးချိန်တွင် စောအယ်မူး​၏ မျက်နှာအား အဝတ်စ စည်း၍ တစ်ကိုယ်လုံးအား ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ပြီး ထိုအချိန်တွင်လည်း စောအယ်မူး​၏ ခန္ဓာကိုယ်အပေါ် ကျင်ငယ်စွန့်ခဲ့ကြသေးကြောင်းသိရသည်။  

" အခုတော့ ဆေးကုသမှု ခံယူနေရပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ပက်သက်ပြီး  အတွင်းလူနာ ဖြစ်တဲ့အတွက် အသေးစိတ် ပြောပြလို့မရသေးပါဘူး" ဟု စောအယ်မူး​၏ လက်ရှိအခြေအနေအား ထိုသတင်းအရင်းအမြစ်က ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း စားဝတ်နေရေးအတွက် သွားလာနေသော ကျောက်မော်ဘုရားကြီးကျေးရွာမှ ဒေသခံငါးဦး၊ ကော်သာစေးကျေးရွာမှ ဒေသခံတစ်ဦး စုစုပေါင်း ခြောက်ဦးအား စစ်ကောင်စီတပ်က ပန်းအင်းကျေးရွာတွင် ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးအား နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ငါးဦးအား ဧပြီလ ၂၂ ရက်နေ့တွင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly