KIO ထိန်းချုပ်နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

By အဂမ်(မဇ္ဈိမ)
06 May 2023
KIO ထိန်းချုပ်နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Photo - (Simsakasa) လိုင်ဇာ 2022 - 23 ပညာသင်နှစ် ကေအိုင်အိုအစိုး၏ စားမေးပွဲဖြေဆိုနေကြပုံ

ကေအိုင်အိုအစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ မေလ ၆ ရက်နေ့တွင် ကေအိုင်အိုအစိုးရ ပညာရေးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

ကေအိုင်အိုအစိုးရ၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူ/သားပေါင်း ၂,၇၃၅ ဦးဖြေဆိုခဲ့ကြပြီး၊ ကျောင်းသူကျောင်းသားပေါင်း ၁,၄၃၇ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက် ၅၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း ကေအိုင်အိုပညာရေးဌာန အချက်အလက်အရ သိရသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခုနှစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲကို ကေအိုင်အိုအစိုးရ၏ ဗဟိုစာစစ်ဌာန လေးခုက စာစစ်ဌာနနေရာ ၁၀ ခုကျော်ကို ဖွင့်လှစ်ကာ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ ရူပဗေဒဘာ သာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သင်္ချာဘာသာရပ် အစရှိသည့် မြန်မာကျောင်းတွင် ဖြေဆိုရသော ဘာသာရပ်အားလုံးကိုဖြေဆိုကြရသည့်အပြင် မိခင်တိုင်းရင်းသား ကချင်ဘာသာရပ်ကိုပါ ဖြေဆိုကြရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သောကျောင်းသား/သူများသည် Mai Ja Yang College,Mai Ja Yang Institute Of Education (IED),Institute of English Program,Federal Law Academy အစရှိသော တက္ကသိုလ်များအပြင် ကေအိုင်အိုအစိုးရနှင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်သည်။

ကေအိုင်အိုအစိုးရ၏ ပြီးခဲ့သော ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ဖြေဆိုသူ ၂,၁၈၈ ဦးရှိခဲ့ရာ ယင်းထဲမှ အောင်မြင်ခဲ့သူ ၁,၆၀၈ ဦး ရှိခဲ့သည့် အတွက် အောင်ချက် ၇၀ ရာခိုင်နှုန်းရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required