နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရ၍ လူငယ်သေဆုံး

By YT (မဇ္ဈိမ)
06 May 2023
နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရ၍ လူငယ်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  ပစ်ခတ်ခြင်းခံရ၍ လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း KNU သတင်းအရင်းအမြစ်ထံက သိရသည်။ 

ပြီးခဲ့သည့် မေလ ၃ ရက်နေ့၊ ည ၇ နာရီ ၂၀ မိနစ်တွင် နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် စောလေးလေးထူး (ခ) ဝဏ္ဏသည်  ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာစဉ် နတ်သံကွင်းဆေးရုံရှေ့၌ ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။ 

"ကျည်ထိပြီး ဆုံးတာပါ။ အလုပ်က နေ့တိုင်း ပြန်လာနေကျပါ ဒီကလေးက။ နတ်သံကွင်းဆေးရုံနားမှာ စစ်တပ်က လုံခြုံရေးယူထားတာတွေရှိတယ် အဲ့ဒီမှာပစ်ခံရတာ " ဟု KNU သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။ 

စောလေးလေးထူးသည် နောက်ကျောမှ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ခါးတွင်ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းအား နတ်သံကွင်းဆေးရုံတွင် လာယူရန် မိသားစုအား စစ်ကောင်စီတပ်ဖွဲ့က ဆက်သွယ်ခဲ့ကြောင်း သိရသည်။

နတ်သံကွင်းဆေးရုံအနီးရှိ စစ်ကောင်စီတပ်သားများသည် စောလေးလေးထူး၏ ဖုန်းနှင့် ပိုက်ဆံအိတ်အား ယူထားပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ KNU ဗဟိုက ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် မေလအစောပိုင်းမှစ၍ နတ်သံကွင်းမြို့အနီးတစ်ဝိုက်တွင် လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်နေခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ အရပ်ဝတ်များဖြင့် လှုပ်ရှားသွားလာနေမှုများ ပိုမိုတိုးပွားလာကြောင်း သိရသည်။ 

"သူတို့(စစ်ကောင်စီတပ်သား)က အရပ်ဝတ်တွေပဲ ဝတ်ကြတော့တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ အထင်မှားအောင် ပုံမှားရိုက်တဲ့သဘော" ဟု ကျောက်ကြီးမြို့နယ်ရှိ KNU သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ထံ တစ်လအကြာ ဖမ်းဆီးခံခဲ့ရသည့် မုန်းမြို့နယ်၊ သပြေညွန့်ကျေးရွာမှ ဒေသခံတစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ၎င်းပြန်လည်လွတ်မြောက်လာချိန်တွင် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ယခုအချိန်ထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု KNU ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly