မြင်းမူမှာ မိုင်းရှင်းထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိ

By MTO(မဇ္ဈိမ)
06 May 2023
မြင်းမူမှာ မိုင်းရှင်းထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Black Eagle Defense Force-MMU အဖွဲ့ ထံမှသိရသည်။

မေလ ၅ ရက် နံနက် ၁၀ နာရီ ၁၀မိနစ်အချိန်တွင် မုံရွာ-မန္တလေး လမ်းတစ်လျှောက် မိုင်းရှင်းရန်ထွက်လာသည့် စစ်အင်အား ၃၀ ပါ စစ်‌ကောင်စီတပ်ဖွဲ့ကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တော အကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Eagle Defense Force-MMUအဖွဲ့ တာ၀န်ခံ ကိုစံရှားက ပြောသည်။

“ထိခိုက်သေဆုံးမှုက များနိုင်တယ်၊ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာမှာ သွေးကွက်တွေကို သဲတွေနဲ့ ဖုံးသွားတယ်၊ အနီးအနားဝန်းကျင်က ပြည်သူတွေလည်းထွက်မကြည့်ရဲတော့ သေဆုံးစာရင်းကို အတိအကျမသိရဘူး “ ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကားဖြင့်လာရောက်သယ်ဆောင် သွားပြီးနောက် ချောင်းဦးမြို့ မှတစ်ဆင့် မုံရွာမြို့သို့ သယ်ဆောင်သွားကြောင်း ကိုစံရှားက ဆက် ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့ ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် မုံရွာ-မန္တလေး လမ်းပိုင်း မြင်းမူမြို့နယ် နှင့် ချောင်းဦးမြို့နယ်အပိုင်းများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို  Black Eagle Defence Force - MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People's Defence Force TGR) ၊ မြင်းမူမြို့နယ် (ပကဖ)၊ People's Defence Force Myinmu-MMU PDF စသည့် မဟာမိတ်‌ လေးဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly