ဒုက္ခသည်များ နေရပ်ပြန်ရေးကို သဘောတူမည်မဟုတ်ဟု မြန်မာဆီ လာရောက်ခဲ့သည့် ရိုဟင်ဂျာအဖွဲ့ ပြော

ဒုက္ခသည်များ နေရပ်ပြန်ရေးကို သဘောတူမည်မဟုတ်ဟု မြန်မာဆီ လာရောက်ခဲ့သည့် ရိုဟင်ဂျာအဖွဲ့ ပြော

နိုင်ငံမဲ့ ရိုဟင်ဂျာ လူနည်းစုများ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံတွင် တည်ဆောက်ပေးထားသော အဆောက်အအုံများကို သောကြာနေ့က သင့်တော်မှု ရှိမရှိ လာရောက်ကြည့်ရှုခဲ့သည့် ရိုဟင်ဂျာအဖွဲ့က ၎င်းတို့အနေဖြင့် ဆန္ဒအလျောက် မြန်မာနိုင်ငံဆီ ပြန်ရေးကို သဘောတူလိမ့်မည် မဟုတ်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသူ အများစုဖြစ်သည့် ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံထားသည်။ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကို ကုလသမဂ္ဂ၌ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ယင်းနှစ် နှောင်းပိုင်း၌ နေရပ်ပြန်ရေး သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံ လက်မှတ်ထိုးခဲ့သော်လည်း ယင်းအချိန်မှစကာ တိုးတက်မှု အနည်းငယ်သာ ရှိပြီး အခြေအနေက ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် မသင့်တော်သေးကြောင်း ကုလသမဂ္ဂက အကြိမ်ကြိမ် သတိပေးထားသည်။

နေရပ်ပြန်ရေး အစမ်း စီမံကိန်းအတွက် ဆောက်လုပ်ပေးထားသော စံပြကျေးရွာနှစ်ရွာဆီ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူအချို့နှင့်အတူ ရိုဟင်ဂျာ ဒုက္ခသည် ၂၀ က သောကြာနေ့တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။

“တည်ဆောက်ပေးထားတဲ့ ကမ့်စခန်းတွေကို ကျွန်တော်တို့ တွေ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုချက်ကို သူတို့က လက်မခံဘူး”ဟု ကိုယ်စားလှယ်အဖွဲ့မှ ရိုဟင်ဂျာတစ်ဦးဖြစ်သည့် မိုဟာမတ် ဆာလင်းက အေအက်ဖ်ပီသို့ ပြောသည်။

“ဒီ စခန်းတွေဆီ ကျွန်တော်တို့ သွားမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ နေခဲ့တဲ့ နေရာဆီပဲ သွားမယ်၊ ဒီ နေရာကို ကျွန်တော်တို့ မကြိုက်ဘူး၊ မသွားဘူး၊ ဘေးကင်းတဲ့ နေရပ်ပြန်ရေးနဲ့ တောင်းဆိုချက်တွေကို လက်ခံတာမျိုး ဖြစ်မှပဲ ကျွန်တော်တို့တွေ ပြန်မယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

နေရပ်ပြန်လာမည့် ဒုက္ခသည်များအတွက် ဈေး၊ ဆေးရုံနှင့် လက်ခံရေးဌာနတို့ ပါရှိသည့် အဆိုပါ အသစ်တည်ဆောက်ပေးထားသော အဆောက်အအုံများ၌ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီမှာ ကျွန်မတို့ ဘေးကင်းဖို့အတွက် ဘာမှ မရှိဘူး၊ သူတို့တွေက ကျွန်မတို့ကို ထပ်ပြီး ဖိနှိပ်လာမယ်၊ နှိပ်စက်ညှဥ်းပန်း လာနိုင်တယ်”ဟု အမည်မဖော်ဘဲ ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

သို့သော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး မီဇာနာ ရတ်ရှ်မန်းက မိမိနိုင်ငံအနေဖြင့် နေရပ်ပြန်ရေး အစီအစဉ်ကို ရှေ့တိုးဆောင်ရွက်လိုကြောင်း ဆိုသည်။

“ဒီနေ့မှာ မြန်မာနိုင်ငံဆီ ကျွန်တော်တို့ ရောက်ခဲ့ပါတယ်၊ ရိုဟင်ဂျာတွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြတာပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

“နေရပ်ပြန်လည်ချထားရေးဟာ စတင်ရမှာ ဖြစ်တယ်၊ မြန်မာကိုယ်စားလှယ်တွေလည်း ဘင်္ဂလားဒေ့ရှ်ဆီ လာလိမ့်မယ်၊ ဆွေးနွေးကြမှာဖြစ်ပြီး နောက်ထပ် ရှေ့တိုးလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်မယ်”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly