နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် (People Defense Force-PDF) ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့် ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို မေ ၄ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအနေနှင့် ဆုံးဖြတ်ချက်များကို များစွာချမှတ်နိုင်လာသလို၊ ယခင်ကထက် ပိုပြီးမြန်မြန်ဆန်ဆန် စီမံဆောင်ရွက်လာ နိုင် တာကို တွေ့ရ၍ ကော်မတီဝင်များအားလုံးကို အထူးကျေးဇူးတင်ကြောင်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ အလုပ်သမားရေးရာကော်မတီ နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို မေ ၂ ရက်တွင် ဗီဒီယို ကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြသည်။
•    တော်လှန်ရေး စစ်ပွဲအရှိန် မြင့်လာပြီ ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် မေလ ၂ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း ၂ နှစ် ပြည့် အထိမ်း အမှတ် မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
•    စစ်တပ်၏ သတ်ဖြတ်မှု ခံနေရသော မြန်မာပြည်သူများအတွက် ကုလလုံခြုံရေးကောင်စီက ဘာထိ ရောက်အောင်ဆောင်ရွက်နိုင်ပေးမလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးတွင် မိန့်ခွန်းပြောဆိုမေးခွန်းထုတ်လိုက်သည်။
•    အနာဂတ်မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍအတွက် အာဏာသိမ်းစစ်တပ်နေရာတွင် ဖက်ဒရယ်တပ်မတော်ကို အစားထိုးပြီး ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်ဆင်နေသည်ဟု သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့သည့်အတွက် အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီသည် မြန်မာနိုင်ငံက ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ဧရာဝတီလူထုရဲ့ အားမာန် လွတ်မြောက်မှုအတွက်ပုန်ကန်" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်းပြီး ယနေ့ မေလ ၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်ကျောင်းအနီး တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Special Guerilla Force – SGF Pakokku ထံမှ သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်မီးလောင်ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် ဗိုလ်ကြီး ၁ ဦးနှင့် ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပစ်ခတ် တိုက်ခိုက်ခံရပြီး ၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် "သွေးစွန်းငွေလာရာ MOGEကို ချက်ချင်းပိတ်ဆို့ အရေးယူပေး" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၅ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။
•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အိုးရှင်းစင်တာနှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးသွားကြောင်း GoldenEagle Force-Monywa က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
•    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က လူငယ် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထား ကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    ကချင်ပြည်နယ်၊ ရွှေကူမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိသည့် ရေလဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၄ ရက်နေ့ညတွင် မီးရှို့ခဲ့ကြောင်းမြို့ခံတစ်ချို့က ပြောသည်။
•    မကွေးတိုင်း ထီးလင်းမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို အောင်း မြောက် ရွာအနီးတွင် ဂန့်ဂေါ်ခရိုင်တပ်ရင်းများ နှင့် YRA ထီးလင်းအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် ၇ဦးထိသေဆုံးခဲ့ကြောင်း YRA-ထီးလင်း အဖွဲ့ မှ သတင်းထုတ်ပြန်သည်။
•    မြန်မာ့ပဋိပက္ခအား ဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ကာ လုပ်ဆောင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အာရှဖိုရမ်မှ အဖွဲ့ဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းသည်။
•    မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အရှိန်မြင့်နေရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်နိုင်ရေး အားထုတ်မှု အဖြစ် အင်ဒိုနီးရှားသည် မြန်မာ ဒီမိုကရေစီလိုလားသော အဝေးရောက်အစိုးရ NUG၊ အာဏာသိမ်းစ စ်ကောင်စီနှင့် တိုင်းရင်းသား လူနည်းစု တပ်ဖွဲ့များနှင့် လအတော်ကြာ သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေး နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသို့ ပြောသည်။
•    ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗျဲကြီးကျေးရွာအုပ်စု ၊ ပဒဲကောကျေးရွာတွင် ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မေလ ၄ ရက်၊ ည ၇ နာရီအချိန်ခန့်က သေနတ် ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
•    မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်အသေ အပျောက်ရှိနိုင်ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ
•    KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း KNU-ဗဟိုထံမှ သိရသည်။
•    ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ
•    ကုန်သွယ်မှုလိုငွေမဖြစ်စေရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တတ်နိုင်သမျှ ပြည်ပမှ မတင်သွင်းရန်နှင့် အမှန်တကယ် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကိုသာ စိစစ်တင်သွင်းရန် စစ်ကောင်စီခေါင်းဆောင်  မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရသည်။
•    အိန္ဒိယနိုင်ငံဆိုင်ရာ စစ်ကောင်စီမြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဧပြီလ ၂၉ ရက် တွင် မွန်ဘိုင်းမြို့၌ ကျင်းပခဲ့တဲ့ ‘Indo-Myanmar Friendship Association’ ၏ Mumbai Chapter ဖွင့်ပွဲအခမ်း အနားသို့ Chief Guest အဖြစ် တက်ရောက်ခဲ့သည်။
•    အကြမ်းဖက် မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ မေလ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မေ ၅ ရက် သုံးသပ်ချက်
•    အမျိုးသားညီညွတ်ရေးအစိုးရမှ ထိုးစစ်ကာလမကြာမီရောက်တော့မည်ဟု ပြောဆိုထားသည့်အပြင် တော်လှန်ရေးအရှိန်မြင့်နေသည်ဟု ပြောဆိုချက်များကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီး မြို့ပေါ်ထိ တိုက်ပွဲရောက်လာနိုင်ဖွယ်ရှိနေသည်။
•    အာဆီယံမှလည်း မြန်မာနိုင်ငံအရေးကိုအတွက် ပါဝင်ပတ်သက်သူများနှင့်တွေ့ဆုံဆွေးနွေးနေသလို တရုတ်ကလည်း မြန်မာအရေးကို ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာသည့်အတွက် မကြာမီကာလအတွင်း စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများအပေါ် သက်ရောက်မှု ရှိလာမည်ဟု ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly