ပြည်ပသွင်းကုန်လျော့ချရေး စစ်ကောင်စီခေါင်းဆောင်ညွှန်ကြား

By 001 (မဇ္စျိမ)
05 May 2023
ပြည်ပသွင်းကုန်လျော့ချရေး စစ်ကောင်စီခေါင်းဆောင်ညွှန်ကြား

ကုန်သွယ်မှုလိုငွေမဖြစ်စေရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တတ်နိုင်သမျှ ပြည်ပမှ မတင်သွင်းရန်နှင့် အမှန်တကယ် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကိုသာ စိစစ်တင်သွင်းရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ညွှန်ကြားထား​ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားထားသည့် အဆိုပါ ညွှန်ကြားစာမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့နေပြီး ယင်းစာမှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို အတည်ပြုသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန်နှင့် ပို့ကုန်ကဏ္ဍကိုမြှင့်တင်ရန် လုပ်ဆောင်နေကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်ဖြစ်စေ၊ အစည်းအဝေးများတွင်ဖြစ်စေ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိသည်။

“ဒီညွှန်ကြားချက်က ဘယ်လိုမှ မထိရောက်နိုင်ဘူး။ ပြည်တွင်းမှာ ထုတ်နိုင်တဲ့စက်ရုံရှိရင်တောင် ဒီစက်ရုံတွေအကုန်လုံးမီးမလာတော့ ဘယ်ကနေ သွားထုတ်မလဲ။ အဓိကက လျှပ်စစ်စွမ်းအင်လိုတယ်လေ။ ဉပမာ ဓာတ်ဆီဆိုလည်း မီးစက်နှိုးပြီးတော့ လည်ပတ်မယ်ဆိုရင်တောင်မှ ဆီကလွယ်လွယ်ကူကူဝယ်လို့ရတဲ့ကိစ္စမှမဟုတ်တော့တာ၊ အဲ့တော့ ပြည်တွင်းမှာထုတ်နိုင်ဖို့ဆိုတဲ့အခြေအနေက မဖြစ်နိုင်သလောက်ကိုဖြစ်နေတာပေါ့။ အဲ့တာကို ပြည်ပကသွင်းလာတဲ့ကုန်ပစ္စည်းကိုလည်းကန့်သတ်မယ်ဆိုတော့ ပြောရမယ်ဆိုရင် သွင်းကုန်၊ ထုတ်ကုန်မူဝါဒက ရှေ့လျှောက်ပိုပြီးခက်ခဲ ကျပ်တည်းလာဖို့ပဲရှိတာပေါ့”ဟု ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် သွင်းကုန်များနှင့် ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အပါအဝင် သက်ဆိုင်ရာ အသင်းများကို ပြန်လည်ဖြန့်ဝေညွှန်ကြားထားကြောင်း သိရသည်။

"ကုန်ပစ္စည်း​တွေရှားပါးလာဦးမယ်။ ကိုယ့်နိုင်ငံက ထွက်မယ့် ပစ္စည်း​တွေကလည်း ကုန်ကြမ်းပဲထွက်နိုင်မှာ။ ပြည်တွင်းမှာ ​လောက်ငှ​အောင် ပြည်ပကို မမှီခိုဘဲနဲ့ ဘယ်လိုမှ ရပ်တည်ဖို့ အဆင်မ​ပြေ​လောက်ဘူး။ အခု သွင်းကုန်​တွေကို တားမြစ်မယ်။ ကန့်သတ်ပိတ်ပင်​နေဦးမယ်ဆိုရင် ပြည်တွင်းမှာ တ​ဖြည်းဖြည်းနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်လာမယ်။ ကုန်​စျေးနှုန်းမြင့်တက်မှုဖြစ်လာမယ်။ ​ငွေ​ကြေး​ဖောင်းပွမှုလည်း ထပ်ဖြစ်ဦးမယ်။ ပြည်သူ​တွေ​အ​နေနဲ့က​တော့ နို့မှုန့်ဝယ်တိုက်​နေတဲ့က​လေးက နို့မှုန့်တဘူးဝယ်မ​သောက်နိုင်​တော့ဘူး။ နို့မှုန့် အထုပ်လိုက်ဘဲ​သောက်ရတဲ့ ဘဝမျိုး​တွေ​ရောက်ပြီး လူ​နေမှုအဆင့်အတန်းထပ်ပြီး နိမ့်ပါးသွားဖို့ပဲရှိပါတယ်"ဟု အဆိုပါ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်က​ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ကန့်သတ်မှုများစွာလုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် NLDအစိုးရလက်ထက်က လိုင်စင်လျှောက်ရန်မလိုသည့် ပြည်ပသွင်းကုန်များကိုလည်း အားလုံးလိုင်စင်လျှောက်ပြီးမှ တင်သွင်းရန် မူဝါဒ ချမှတ်ခဲ့သည်။

စစ်ကောင်စီထံ သွင်းကုန်လိုင်စင်လျှောက်ရာတွင် လိုင်စင်တစ်စောင်ကျရန် လေးလအထိ ကြာမြင့်တတ်ပြီး ကုန်သည်များမှာ ဆိပ်ကမ်းတွင် ရောက်ရှိနေသော ပစ္စည်းများအတွက် ဒဏ်ကြေးများ ​ပေး​ဆောင်​နေရ​ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

“လတ်တလော ပစ္စည်းအနေအထားကတော့ အရှေ့ပိုင်းကျထားတဲ့ဟာရှိတော့ လက်ထဲမှာ ပစ္စည်းတွေတော့ လူတွေ ရှိကြသေးတယ်ပေါ့။ နောက်တစ်လ ၊ နှစ်လ နေရင်တော့ ဘယ်လိုလာမလဲတော့ မပြောတတ်ဘူး။ လိုင်စင်ကျမယ့်အပေါ်မူတည်ပြီး နိုင်ငံခြားသွင်းကုန်ပစ္စည်းတွေက လက်ထဲမှာ နည်းသွားမလား သိရမယ်”ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးကပြောသည်။

အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီက ပြည်ပသွင်းကုန်များအ​ပေါ် ကန့်သတ်မှုများ လုပ်​ဆောင်​နေသကဲ့သို့ ပို့ကုန်တင်ပို့မှုတွင်လည်း ပို့ကုန်ရ​​ငွေကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီ ရာနှင့်ချီကို blacklist စာရင်းသွင်းခြင်းများလည်း ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly