သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ 

By ပါခွီး (မဇ္စျိမ)
05 May 2023
သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ 

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်အသေအပျောက်ရှိနိုင်ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၅ရက် ယနေ့တွင်ထုတ်ပြန်သည်။ 

သပိတ်ကျင်းမြို့နယ် ကြညှပ်ဘက်မှ တက်လာသော အင်အား  ၃၀ ကျော်လိုက်ပါလာသည့် ခြောက်ဘီးကားတစ်စီးကို မတောင်ရွာအနီးတွင် မေလ ၄ရက် မနက် ၉နာရီ ၄၅မိနစ်အချိန်တွင် မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

“ကြညှပ်နဲ့ တကောင်းကြားကို စစ်အင်အားဖြည့်ဘို့လာတာပါ ၊ သူတို့ Target မရောက်ခင် ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။” ဟု တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကားမှာ ထိုးရပ်သွားပြီ အနည်းငယ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဆိုသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရှိမှုအခြေနေကို အတိအကျမသိရသော်လည်း အနည်းဆုံး ငါးဦးခန့်ထိခိုက်နိုင်ကြောင်း တာဝန်ရှိသူမှ ခန့်မှန်းပြောဆိုသည်။ 

တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိကြောင်း အသိပေးထားသည်။ 

မိဘပြည်သူများအနေဖြင့် ကားလမ်းပေါ်တွင် စည်းကမ်းချက်များနှင့် အညီ ဂရုပြုသွားလာကြရန် နှင့် မစ်ရှင်ဖော်ဆောင်သော နေရာများအနီးသို့ အချိန်ကြာကြာ ရပ်နားခြင်းမပြုရန် တောင်းဆိုပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

မေလ ၂ရက် ည ၉နာရီ ၃၀မိနစ်အချိန်ကလည်း တကောင်းတိုက်နယ်အတွင်း ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားကို ရွှေကိုးပင်လမ်းပေါ်တွင် မိုင်းလေးလုံးဖြင့် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Tagaung Defense Force နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွာကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required