ရေစကြို ရုံးပေါင်းစုံမှ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ စစ်သားသေဆုံး

By 007(မဇ္စျိမ)
05 May 2023
ရေစကြို ရုံးပေါင်းစုံမှ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ စစ်သားသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ၊ ရုံးပေါင်းစုံ စုပေါင်းရုံး၀င်းအတွင်း တပ်စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ကို၊ ယမန်နေ့ညနေပိုင်းက ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတစ်ယောက်သေဆုံးကြောင်း၊ Myingyan Black Tiger(MBT)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

"စစ်ကောင်စီတပ်သားတွေ အင်အားများတဲ့ကြားကမှ ပြောက်ကျားစနစ်နဲ့အလစ်အငိုက်၀င်ပစ်ခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တစ်ကောင်သေတယ်လို့ ဖရဲသီးသတင်းအတည်ပြုချက်ရတယ်" ဟု MBT တပ်ဖွဲ့သတင်းပြန်ကြားရေး တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

ယမန်နေ့ မေလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သားအမြောက်အမြားတပ်စွဲထား သောနေရာဖြစ်သဖြင့်၊ ပြောက်ကျားနည်းဗျူဟာစနစ်အသုံးပြု၍၊ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုတို့ဖြစ်ခဲဲ့သော်လည်း၊ MBT တပ်ဖွဲ့၀င်များ၊ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

MBT တပ်ဖွဲ့သည်၊ ဧပြီလ ၂၁ ရက်နေ့ကလည်း၊ စစ်ဆင်ရေးတစ်ခုအတွင်း ၎င်းရုံးပေါင်းစုံမှစစ်ကူထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို၊ စောင့်ကြိုတိုက်ခိုက်ရာ လက်နက်ကျည်ဆန်အင်အားမမျှသော်လည်း စစ်သားအများအပြားထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့ကြောင်း ဖရဲသီးသတင်းကို ကိုးကား၍သတင်းထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ကလည်း၊ ၎င်းတို့၏စစ်ဆင်ရေးနယ်မြေအတွင်း ကျွံ၀င်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့်၊ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ရာ၊ စစ်သားတစ်ယောက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly